စစ်ဗိုလ်ချုပ်များကို ICC တရားရုံး တွင် ခုံရုံးတင် အရေးယူနိုင်ရေး Rome Statute အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးရန် NUGက တရားဝင် အကြောင်းကြားထား
ရန်ကုန်၊ အောက်တိုဘာ ၂
ပြည်သူများကို သတ်ဖြတ်နေသည့် စစ်ဗိုလ်ချုပ်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တွင် ခုံရုံးတင် အရေးယူနိုင်ရေး အတွက် Rome Statute အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးရန် NUG က ICC တရားရုံးကို အကြောင်း ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ထားသော စစ်ဗိုလ်ချုပ် များ ကို နိုင်ငံတကာတရားစီရင်ရေး စနစ်ဖြင့် အရေးယူရန် ကြေညာထားပြီး NUG အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိသည်ကိုလည်း ကြေညာ ထားကြောင်း၊ ထို့ကြောင့် စစ်ကောင်စီမှ စစ်ဗိုလ်ချုပ်များကို ICC တရားရုံးတွင် အရေးယူနိုင်ရေး Rome Statute အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးရန် NUG က ICC ကို အကြောင်းကြားထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
” အဓိကကတော့ ကျွန်မတို့ နိုင်ငံတကာတရားစီရင်ရေးစနစ်မှာ ရှိတဲ့ Mechanism မှာ ရှိတဲ့ လိုအပ်ချက်မှန်သမျှကို NUG အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ဟာတာလည်း ကြေညာထား ပြီးဖြစ်တယ်။ အထူးသဖြင့် ICC မှာ အရေးယူနိုင်ဖို့ ဆိုလို့ရှိရင် ICC မှာ Rome statute အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လိုတယ်။ ကျွန်မတို့ နိုင်ငံက လက်မှတ်ရေး ထိုးထားနိုင်ခြင်း မရှိသေးဘူး ။ ဒါကြောင့်မို့လို့ အဲဒီ Step တွေ ပြည့်စုံဖို့လို့ ကျွန်မတို့က လက်မှတ်ရေးထိုးလိုကြောင်းကို တရားဝင် အကြောင်း ကြားထားပြီးဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေထဲက ကျွန်မတို့ အကြောင်းကြားထား ပြီးဖြစ်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
ထို့ပြင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင်လည်း NUG အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ ICJ သို့လည်း ရရှိထားသော အချက်အလက်များကို NUG က ပေးပို့နေကြောင်း၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရားIIMM နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆုသိည်။
” နောက်တစ်ခုက ICJ case နဲ့ပတ်သက်လို့လည်းပဲ ကျွန်မတို့က ပူးပေါင်း ဆောင် ရွက်သွားဖို့လို့ဆိုတာ ကျွန်မတို့က ICJ တရားရုံးကို အကြောင်းကြားပြီး ဖြစ်တယ်။ နောက်ပြီးတော့ Reporting တွေကိုလည်းပဲ စစ်ကောင်စီကိုပဲ ဖိတ်နေပေမယ့် ကျွန်မတို့ ဘက်ကလည်း ရရှိထားတဲ့ အချက်လက်တွေ ဆောင်ရွက်ထားတဲ့ ဆောင်ရွက်ချက်တွေကို ပေးပို့နေတာ ရှိပါတယ်။ အသိအမှတ်ပြုတာ မပြုတာတော့ တစ်ပိုင်းပေါ့။ ဒီလိုမျိုးပူးပေါင်းဆောင် ရွက်နေတယ်။ ထို့အတူပဲ စစ်တပ်ရဲ့ ကျူးလွန်နေတဲ့ Crime တွေ အချက် အလက် စုဆောင်းတဲ့ Double I ၊ Double M လို အဖွဲ့အစည်းမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ ဒီလို အချက်အလက်ကောက်ယူမှုတွေက တကယ့်တကယ်က အမှုတည်ဆောက်တဲ့နေရာမှာ အင်မတန်မှ အရေးကြီး ပါတယ်။ ပြောရမယ်ဆိုလို့ ရှိရင်တော့ တော်လှန်ရေးပြီးသွားသည့်တိုင်အောင် ဒီတရားရေးစနစ်ကတော့ ပြီးချင်မှ ပြီးဦးမယ် ။ ဒါပေမဲ့ ဒါဟာ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ရမယ်ဆိုတဲ့ Agenda ကို Address လုပ်ရမယ့် ကိစ္စ ။ ဒါက လုပ်ကို လုပ်ရမှာ ဖြစ်တဲ့အတွက် နောင်တစ်ချိန်ချိန်မှာ ဘယ်သူပဲ တက် လာ တက်လာ ၊ ဒီလို မတော်မတရား လက်နက်အားကိုးပြီး ကိုယ့်ပြည်သူ ပြည်သားတွေ အပေါ်မှာ လူနည်းစုတွေ အပေါ်မှာ Crime တွေ ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် အကောင်းဆုံးအတားအဆီးကတော့ တရားမျှတမှုအနေနဲ့ ဖော်ဆောင်နိုင်ရေးပဲ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုသည်။
စစ်ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့ ကျူးလွန်ထားသော ပြစ်မှုများအတွက် အလွတ်ပေးမည်မဟုတ်ဘဲ ပြစ်ဒဏ်ပေးနိုင်ရေး နိုင်ငံတကာ ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
“မဟုတ်ရင်တော့ ဒီလို Impunity ရနေသရွေ့က ဒီလိုလုပ်လည်းရပါတယ်။ ငါတို့လုပ်လည်း အပြစ်ကတော့ လွတ်ကင်းနေမှာပဲ ဆိုတာနဲ့ ဒီ ရာဇဝတ်မှုကျူးလွန်သူတွေကို အားပေးအားမြှောက်ဖြစ်ဖို့လို့ အခွင့်အရေးပေးသလိုမျိုး ဖြစ်နေတယ်။ ဒီတစ်ကြိမ် ဒီတော်လှန်ရေးမှာ ကျွန်မတို့ ဒါကို တိတိကျကျနဲ့ ဖိအားပေးဖို့လိုတယ်လို့ ကျွန်မတို့ မြင်တယ်။ ဒါကြောင့် ဒီ ဧရိယာကလည်း ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးတဲ့ နယ်ပယ်ဖြစ်လို့ ကျွန်မတို့ အတတ်နိုင်ဆုံးတရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်မယ့် နိုင်ငံတကာ ယန္တရားတွေ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ ကျွန်မတို့ နိုင်ငံခြားရေးဝန်ကြီးဌာနတင် မဟုတ်ပါဘူး။ သက်ဆိုင်ရာ Relevant Ministry တွေ ရှိပါတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အမျိုးသမီးနဲ့ ကလေးသူငယ် အစရှိသဖြင့်ပေါ့နော်။ တရားရေးဝန်ကြီးဌာန အစရှိသဖြင့် ဆက်စပ်ဝန်ကြီးဌာနတွေ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်နေ ကြပါ တယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။