25 C
Yangon

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တက်လာပြီး ဘိန်းနှင့် စိတ်ကြွ မူးယစ်ဆေးပြား ထုတ်လုပ်မှု မြင့်တက်ကာ အွန်လိုင်း ဆိုက်ဘာ လိမ်လည်မှုများ၊ လူကုန်ကူးမှုများ၏ အချက် အချာ ဖြစ်လာ

Must read

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တက်လာပြီး ဘိန်းနှင့် စိတ်ကြွ မူးယစ်ဆေးပြား ထုတ်လုပ်မှု မြင့်တက်ကာ အွန်လိုင်း ဆိုက်ဘာ လိမ်လည်မှုများ၊ လူကုန်ကူးမှုများ၏ အချက် အချာ ဖြစ်လာ

■ စစ်အာဏာရှင်က မြန်မာနိုင်ငံကို ဒေသတွင်း နှင့် ကမ္ဘာတွင် ပြစ်မှုနှင့် မတည်ငြိမ်မှု အဓိကဖော်ဆောင်သည့်နိုင်ငံ ဖြစ်စေ၍ စစ်အာဏာရှင် အပြီး တိုင်ချုပ်ငြိမ်း ရန်လိုအပ်

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တက်လာပြီး ဘိန်းထုတ်လုပ်မှု နှစ်ဆခန့် မြင့်တက်၊ စိတ်ကြွ မူးယစ်ဆေးပြား ထုတ်လုပ်မှု မြင့်တက်ပြီး အွန်လိုင်းဆိုက်ဘာ လိမ်လည်မှုများနှင့်လူကုန်ကူးမှု အချက်အချာဖြစ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ အမေရိကန်ပြည်ထာင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီအစည်းအဝေး၌ ပြစ်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာ နှင့် စပ် လျဉ်း၍ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်မှစ၍ ကောင်းမွန်နေသော တိုးတက်မှုများအားလုံး ပြောင်းပြန်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ UNODC ၏ အစီရင်ခံစာများအရ တရားမဝင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ဘိန်းထုတ်လုပ်မှု သည်လည်း ယမန်နှစ်အတွင်း၌ နှစ်ဆခန့် မြင့်တက်လာခဲ့ကြောင်း၊ ထို့အတူ နယ်စပ်ဒေသ များတွင် မီသာဖီတမင်း ထုတ်လုပ်မှုနှင့် တရားမဝင် ကုန်ကူးမှုများလည်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ယခင်က တွေ့မြင် ကြုံတွေ့ ခဲ့ရခြင်းမရှိသည့် စစ်တပ်အား ခုခံတော်လှန်မှုများ နိုင်ငံအဝှမ်း ဖြစ်ပေါ် လာခဲ့ရုံသာမက ကမ္ဘာ့လုံခြုံရေးကိုလည်း စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေ ခဲ့ကြောင်း၊ ထို့ပြင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ အားလုံးနီးပါးအပေါ် အကျိုးသက်ရောက်မှုရှိသော ဆိုက်ဘာလိမ်လည်မှုများ လည်း ပိုမိုတိုးပွား လာစေခဲ့ ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများအတွက် ဦးတည်ရာ လမ်းဆုံး တစ်ခုဖြစ်လာမှုသည် ထိတ်လန့်ဖွယ်ကောင်းကြောင်း၊ မြန်မာ့သမိုင်း တွင် ယခင်က မရှိခဲ့ဘူးကြောင်း၊ ဘိန်းနှင့် မီသာဖီတမင်းမှောင်ခိုကူးမှု တဟုန်ထိုး မြင့်တက်လာခြင်းမှ အစပြု၍ ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကျော်မှ လူထောင်သောင်းချီအား မြန်မာနိုင်ငံသို့ မတရားလူကုန်ကူးခြင်း၊ ရှုပ်ထွေးလှ သည့် ဆိုက်ဘာလိမ်လည်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေ သည်အထိ အနယ်နယ်အရပ်ရပ်မှ လူအများအား သားကောင်များ ဖြစ်လာ စေသည်အထိ စစ်အာဏာရှင်သည် မြန်မာနိုင်ငံအား ဒေသတွင်း နှင့် ကမ္ဘာပေါ်၌ ပြစ်မှုနှင့် မတည်ငြိမ်မှု အဓိကဖော်ဆောင်သည့်နိုင်ငံ ဖြစ်စေခဲ့ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

သို့ဖြစ်ရာ ဤကဲ့သို့ ဆိုးရွားသော အန္တရာယ်ကပ်ဆိုးအား ရပ်တန့်စေရန် အကြမ်းဖက်၍ ဥပဒေမဲ့နေသည့် စစ်တပ်အား အပြီးတိုင်ချုပ်ငြိမ်းစေပြီး၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လိုလားသော အရပ်သားဖက်ဒရယ် ဒီမိုကရေစီအစိုးရ တည်ဆောက်ခြင်းသည် သာ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ ကြောင်း၊ ပြည်သူများသည် ၎င်းတို့ ကြုံတွေ့ခံစားနေရသည့် ဒုက္ခအကျပ်အတည်းများကို ချက်ချင်းပင် အပြီးတိုင် ရပ်တန့်စေလိုကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

အဆိုပါအခြေအနေသို့ ရောက်ရှိနိုင်ရန် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးက အဓိကသော့ချက်ပင်ဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ်ကြောင့် ဖြစ်ပေါ် လာရသည့် နောက်ဆက်တွဲဆိုးကျိုးများအား အပြီးတိုင် ချုပ်ငြိမ်းနိုင် ခြင်းမရှိဘဲ စစ်အာဏာသိမ်းမှုကို အဓွန့်ရှည်စေပါက မြန်မာနိုင်ငံအတွင်း သာမက မြန်မာ နိုင်ငံကို ကျော်လွန်၍ အခြားနေရာဒေသများကိုလည်း မှုခင်းဇုန်များအဖြစ် ထပ်မံဖန်တီး လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အတူ စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် တရားဥပဒေစိုးမိုး မှုရှိသည့် လူ့အသိုက်အဝန်းတစ်ခုအား တည်ဆောက်ရန် မည်သို့မျှ မျှော်မှန်းတောင့်တ၍ မရနိုင်ကြောင်း ၊ သို့ဖြစ်ပါ၍ ခက်ခဲသည့်ကာလများအတွင်း UNODC ၏ မဟာ ဗျူဟာကျသော လုပ်ဆောင်ချက်များနှင့် မယိမ်းယိုင်သော ထောက်ပံ့ကူညီမှု များအပေါ် ကျေးဇူးတင်ရှိပါကြောင်း သူက ပြောဆိုသည်။

မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်စုများ၏ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှု ပြုသဖြင့် မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်းအား ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးတို့သည် တော်လှန်ရေးအတွက် အဓိကကျသည့် တာဝန် တစ်ရပ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက မှတ်ယူကြောင်း၊ အဆိုပါ တာဝန်ဝတ္တရားအား အပြည့်အဝ ကတိကဝတ်ပြု သည့်အလျောက် “မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့” အား မကြာမီက ဖွဲ့စည်းတည်ထောင်ခဲ့ ကြောင်း၊ အလားတူ တိုင်းရင်းသား တော်လှန်းရေး အဖွဲ့အစည်းများနှင့် အခြားမိတ်ဖက် အဖွဲ့ အစည်းများနှင့် အတူတကွလက်တွဲဆောင်ရွက်ရေးအပြင် ကုလသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်းနိုင်ငံများနှင့် နိုင်ငံ တကာအဖွဲ့အစည်း များနှင့်ပါ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် သွားရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါး များနှင့် မှုခင်းများ ပပျောက်ရေးအတွက်သာမက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရန် ထိရောက် ခိုင်မာသည့် ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်ကြရန် ဦးကျော်မိုး ထွန်းက တောင်းဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article