မြိုင်တွင် စစ်သား အလောင်းများ တင်လာသော ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးနိုင်ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ပုလဲတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦး ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၇
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်သား အလောင်းများ တင်ဆောင်လာသော စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးနိုင်ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် ကိုင်းတောမမှ စက်မှု ၂ သို့ စစ်သား အလောင်းများကို ပြန်သည်လာသည့် စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းပွိုင့် ၃ ပွိုင့် ၊ မိုင်း ၆ လုံး ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားမှာ လမ်းဘေးကို လွင့်ထွက်သွားပြီး သစ်ပင်ကို ဝင်တိုက်ကာ စစ်သား ၄ ဦးခန့် ထိခိုက် သေဆုံးနေသော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်ကားပေါ်မှ MA3 သေနတ် ၁ လက် ပြုတ်ကျကျန်ခဲ့ပြီး စစ်သားများက ကားပေါ်မှ ဆင်းမကောက်ရဲဘဲ ထားခဲ့ကြောင်း၊ MA3 သေနတ်သည် မိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ရင်း ၃ တပ်ခွဲ ၁ (ဝံပုလွေပြောက်ကျား) နှင့် MUGDF တပ်ဖွဲ့တို့က ပူးဆောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ABSDF Column – 3 ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က ဆားလင်းကြီးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်ကား ၁၈ စီးပါ ယာဥ်တန်းနှင့် လုံခြုံရေးလိုက်ပါလာသည့် စစ်ကြောင်းကို ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာ အရှေ့ဘက်တွင် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများမှ စပါးစေ့ကျေးရွာ ဝန်းကျင်အ နီး တဝိုက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ABSDF အမှတ် ၁၄ တပ်ရင်း ၊ ရဲခေါင်ပျောက်ကြား တပ်ဖွဲ့ ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (B.L.D.F) နှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

