28 C
Yangon

ရေဦး၊ ဖိန်းကားရွာရှိ ပြည်သူပိုင် ဆန်စက်ကို စစ်တပ် စစ်ကြောင်းက ဖောက်ထွင်းပြီး ဆန်အိတ်များ ခိုးယူသွား

Must read

ရေဦး၊ ဖိန်းကားရွာရှိ ပြည်သူပိုင် ဆန်စက်ကို စစ်တပ် စစ်ကြောင်းက ဖောက်ထွင်းပြီး ဆန်အိတ်များ ခိုးယူသွား

■ ကျေးရွာ ၁၆ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာရှိ ပြည်သူပိုင် ဆန်စက်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖောက်ထွင်းပြီး ဆန်အိတ်များ ခိုးယူသွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖိန်းကားရွာအနီးရှိ ပြည်သူပိုင် စူပါဖိုက် ဆန်စက်ကို ဖောက်ထွင်းပြီး ဆန်အိတ်များကို ရေဦးမြို့ပေါ်ကို ခိုးယူသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ကျန်ရှိနေသော စစ်သားများက ဖိန်းကားရွာ၌ တပ်စွဲခဲ့ပြီး ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် ကန်ပေါက်ရွာကို ဆက်လက် စစ်​ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ရွာသစ်ရွာ၊ နဘောင်ရွာ၊ ဖိန်းကားရွာ၊ ပန်းကုံးရွာ၊ ဗိုလ်ရုံရွာ၊ အုန်းတပေါင်းရွာ၊ ကန်ပေါက်ရွာ၊ ဖလံဂုဏ်ရွာ၊ ဝက်ဖိုးရွာ၊ မြင်းပေါက်ရွာ၊ တောင်ကုန်းရွာ၊ ဇဝရွာ၊ နှောကုန်းရွာ၊ ကုန်းကြီးရွာ၊ ကုန်းတန်းရွာနှင့် ရွာမိဿာရွာ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က နံနက်ပိုင်းက ရေဦးကနေ မြောက်ဘက်ခြမ်းထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက တနေကုန် ဖိန်းကားရွာအနီးက စူပါဖိုက်ဆန်စက်ထဲက ဆန်အိတ်ပိုင်းတွေကို SKAT ကားနဲ့ ရေဦး ခွေးခြံကို ခိုးယူ သယ်ထုတ်သွားတယ်။ အိတ်ရေ ဘယ်လောက်ပါသွားလဲတော့ မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်းက ဆက်လက် စစ်ကြောင်းထိုးနေတော့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်ပေါက်ရွာကို ရောက်ရှိနေပြီး မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို မသိရသေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article