25 C
Yangon

ပဲခူးမြို့နယ်တွင် မကြုံစဖူး ရေကြီးမှု အခြေအနေဆိုးဝါးနေပြီး ပိတ်မိနေသည့် ပြည်သူ များနှင့် ထမင်းမစားရသည့် ပြည်သူများရှိနေ၊ အရေးပေါ် အကူ အညီများ လိုအပ်

Must read

ပဲခူးမြို့နယ်တွင် မကြုံစဖူး ရေကြီးမှု အခြေအနေဆိုးဝါးနေပြီး ပိတ်မိနေသည့် ပြည်သူ များနှင့် ထမင်းမစားရသည့် ပြည်သူများရှိနေ၊ အရေးပေါ် အကူ အညီများ လိုအပ်

ရန်ကုန်၊ အောက်တိုဘာ ၉

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ပဲခူးမြစ် ရေကြီးရေလျှံခြင်းနှင့် မိုးသည်းထန်စွာရွာ သွန်း သဖြင့် ရေကြီးမှုများ မကြုံစဖူး ကြုံတွေ့နေရပြီး ပိတ်မိနေသည့် ပြည်သူ များ၊ ရေကြီးမှုကြောင့် ထမင်းမစားရသည့် ပြည်သူများရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ပဲခူးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များတွင် မိုးအဆက်မပြတ် ရွာသွန်း ခြင်း၊ မြစ်ရေတက်ခြင်းတို့ကြောင့် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ပြီး ရေများ သိသိသာသာမြင့်တက်လာကာ အောက်တိုဘာလ ၉ ရက်နေ့တွင် ပဲခူး မြို့နယ် နေရာအများစု ရေကြီးနေကြောင်း၊ မည်သည့်အခါမှ ရေမကြီးဖူး သည် ပဲခူးမြို့ ၊ ရွှေမောဓောဘုရား လမ်းမကြီးများအထိပင် ရေများလျှံ တက်လာ ကြောင်း သိရှိရသည်။

“ဒီနေ့မနက်တော့ မှော်ကန်ဘက်မှာ ပိတ်မိနေတာ အတော်များတယ်။ အကူ အညီတောင်းသူတွေ များပြီး မကူနိုင်တော့ဘူး။ လှေလည်းမရှိဘူး။ မှော်ကန် ဘက်မှာ လူတစ်ရပ်ကျော်သွားပြီ။ တချို့ မြေနိမ့်တဲ့နေရာတွေဆိုရင် အိမ်ခေါင် မိုးပါ မြုပ်နေပြီ။ ပဲခူးတစ်မြို့နယ်လုံးရေမြုပ်နေတာ။ ရေမရောက် တဲ့နေရာ ဆိုလို့ ဥသာသီရီ ၊အင်း၀င် ဟင်္သာကုန်းပဲကျန်မယ်။ စိုးရိမ်ရတဲ့ အခြေအနေက မှော်ကန်၊ ပုဏ္ဏားစု ဆိုရှယ်လစ်၊ ကျောက်ကြီးစုက အရမ်းကို စိုးရိမ်ရတယ်။ ရေက မကျဘူး ဆက်တိုးနေတယ်။ ပိတ်မိနေတဲ့သူတွေလည်း နေစရာ နေရာမရှိတော့ဘူး။ ထမင်းမစားရလို့ အကူအညီတောင်းတာတွေ လည်းများ ကြီးပဲ။ ညောင်ဝိုင်း၊ ဇိုင်းမြောက်၊ ဇိုင်းတောင် မြုပ်နေတာ ကတော်တော် ဆိုးပါတယ်၊ မဂ္ဂတစ်ဘက်လည်း အရမ်းဆိုးတယ်။ ကျောက် ကြီးစု ကတော့ ကျုံးရေကနေတစ်ဆင့် တာပေါ်ရေကျော်လာတာ အရမ်းကို ဆိုးနေတာ” ဟု ပဲခူးမြို့မှ ပရဟိတ ကယ်ဆယ်ရေးသမားတစ်ဦးက ဆိုသည်။

လူမှုကွန်ရက် ဖေ့ဘုတ်စ်တွင် ရေကြီးရေလျှံနေသဖြင့် လာရောက်ကူညီကြပါရန် အကူအညီတောင်းကြသည့် စာများစွာ ရှိနေပြီး ကူညီကယ်ဆယ်ရေးနှင့် ပိတ်မိ နေ သည့် ပြည်သူအရေအတွက် မမျှတကြောင်း၊ အရေးပေါ် အကူအညီ များစွာလိုအပ်နေကြောင်း၊ မကြုံဖူးသည့် ရေကြီးမှုဖြစ်ကြောင်း ဒေသပြည်သူများ က ပြောဆိုကြသည်။

“အဓိက ကယ်ဆယ်ရေးသမားတွေဆီမှာလည်း လှေတွေမရှိကြဘူး။ ကယ်ဆယ် ရေးသမားတွေတောင် အတော်ကို ရုန်းကန်နေရတယ်။ ရေကြီးတဲ့ ဧရိယာ ခါတိုင်းနဲ့ ကိုမတူဘူး။ မြို့ထဲအထိပါ ရေတွေရောက်လာနေတယ်။ အခြေ အနေအရမ်းကို ဆိုးနေပါတယ်” ဟု ပဲခူးမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ဆိုရှယ်လစ်နှင့် မှော်ကန်ဘက်သည် ရေကြီးမှု အလွန်နည်းပါး သည့်နေရာ များဖြစ်ပြီး ယင်းနေရာများအထိပါ ရေရောက်လာသဖြင့် ပဲခူးမြို့သည် စံချိန်တင် ရေကြီးမှုအဖြစ် ဆိုနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ဆိုသည်။

“ဆိုရှယ်လစ် လမ်းတွေမှာ ရေ အခြေအနေက အိမ်အမြင့်တွေတောင် ရေက ၄ ပေလောက်အထိကို အိမ်အောက်ရောက်နေပြီ။ အခုထိလည်း ရေက ထပ်တက် နေတုန်းပါပဲ။ ဆိုရှယ်လစ် မှော်ကန် ဆိုတာတစ်ခါမှရေမကြီးဘူးတဲ့ နေရာမျိုး လို့ ပြောလို့ရတယ်။ လူတွေတင်မဟုတ်ဘူး၊ အိမ်မွေးတိရိစ္ဆာန် ခွေးတွေ ကြောင် တွေပါ ပိတ်မိနေတာ။ ​မှော်ကန် ၁၀လမ်းမှာဆိုရင် လူတစ်ရပ်လောက်ရှိနေပြီ ရေတွေက” ဟု ဒေသပြည်သူက ရှင်းပြသည်။

ပဲခူးမြို့ပေါ် ပန်းလှိုင်ရပ်ကွက်တွင်လည်း တစ်ရပ်ကွက်လုံး လူတစ်ရပ်ကျော် ရေနစ်မြုပ်နေသဖြင့် ပြည်သူများ ဒုက္ခရောက်နေကြောင်း၊ ရပ်ကွက်မှ ပြည်သူများ ပိတ်မိနေပြီး ထမင်း၊ ဟင်း စားစရာ မရှိကြောင်း၊ ထို့ကြောင့် ပန်းလှိုင် ၂၁ လမ်းမှ ပြည်သူများကို ကူညီကြပါရန် လူမှုကွန်ရက်တွင် အကူအညီတောင်းထားသည်။

“တစ်ရပ်ကွက်လုံးကိုယ်စား အကူအညီတောင်းခံပါတယ်ရှင့်။ ပိတ်မိနေတဲ့ အခြေအနေပါ ထမင်းဟင်း စားစရာလေးများ ဘယ်သူ့ အကူအညီ တောင်းလို့ ရနိုင်မလဲရှင့်။ ဆေးလေးလည်း လိုအပ်လို့ပါ။ အိမ်မှာ သက်ကြီးပိုင်းလူကြီး ၅ယောက် နဲ့အရွယ်မရောက်သေးတဲ့ ကလေး ၄ယောက် လူလတ်ပိုင်း၂ယောက် အားလုံး ၁၁ယောက်ပါရှင့် ။ ရေကလူတရပ်အမြင့်လူမြုပ်နေပီမို့ အဝင်ပေါက်ဝ တွေလည်း ပစ္စည်းတွေပြိုကျပီး ပိတ်နေလို့ပါ။ အိမ်နံပါတ် ၃၆ ပန်းလှိုင် ၂၁လမ်း ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်။ ဖုန်းနံပါတ် 09798611181 ၊ 09790231908” ဟု ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article