26 C
Yangon

မြန်မာ စစ်တပ် ၏ တိုက်ခိုက်မှုကြောင့် လိုင်ဇာ စစ်ဘေးရှောင်စခန်းမှ ကလေး၊ အမျိုးသမီးနှင့် ပြည်သူများ သေဆုံးမှု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် စိုးရိမ်ထိတ်လန့်

Must read

မြန်မာ စစ်တပ် ၏ တိုက်ခိုက်မှုကြောင့် လိုင်ဇာ စစ်ဘေးရှောင်စခန်းမှ ကလေး၊ အမျိုးသမီးနှင့် ပြည်သူများ သေဆုံးမှု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် စိုးရိမ်ထိတ်လန့်

■ ကနေဒါ ၊ ဗြိတိန်နှင့် ပြင်သစ်တို့က မြန်မာစစ်ကောင်စီကို ရှုတ်ချ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းမှ ကလေးနှင့် ပြည်သူများသေဆုံးမှု အပေါ် ကုလသမဂ္ဂအတွင်းရေး မှူးချုပ် António Guterres အနေဖြင့် စိုးရိမ်ထိတ်လန့်မိကြောင်း အတွင်းရေး မှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarricက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၉ ရက်နေ့ စစ်ကောင်စီ၏ တိုက်ခိုက်မှုတွင် စစ်ဘေးရှောင် ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးမှုအပေါ် အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် စိုးရိမ်ထိတ်လန့်မိပြီး ကျူးလွန်သူများအနေဖြင့် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော စစ်တပ်၏ ပြင်းထန်သော အကြမ်းဖက် တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချကြောင်း၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့ ဩဇာလွှမ်းမိုးမှုကို အသုံးပြု၍ မြန်မာ့အရေး ကူညီဖြေရှင်းပေးကြရန်လည်း အတွင်းရေးမှူးချုပ်က ပြောဆိုသည်။

ထို့ပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများကို အကာအကွယ်ပေးသင့်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် က ပြောဆိုသွားသည်။

အလားတူ မြန်မာနိုင်ငံအခြေစိုက် ကနေဒါ သံရုံး၊ ပြင်သစ်သံရုံး၊ ဗြိတိန်သံရုံးတို့ကလည်း လိုင်ဇာမြို့တွင် စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်တပ်က တိုက်ခိုက်မှုအပေါ် ရှုတ်ချပြီး စိုးရိမ်မိကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်ကြသည်။

ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းတခုကို ယမန်နေ့ လေကြောင်းဖြင့် တိုက်ခိုက်မှု ကြောင့် လူများဒါဇင်နှင့်ချီ သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အတွက် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း၊ အရပ်သား များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်မှု ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပါဝင်သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးမှု့ ပြုလုပ်ရေးပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို အပြည့်အဝ အကောင်အထည် ဖော်ရန် ပြင်သစ်က ထပ်လောင်း တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အတွက် အချက်ငါးချက်ပါဝင်သည့် ဘုံသဘောတူညီမှု ကိုအကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ပြင်သစ်နိုင်ငံက ထောက်ခံပါကြောင်း၊ ပြင်သစ်သည် ၎င်း၏ ဥရောပမိတ်ဖက်များနှင့်အတူ အာဏာသိမ်းမှုမှ ထွက်ပေါ်လာသော စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေကြောင်း၊ စစ်အစိုးရ၏ မလျှော်မကန် အလွဲသုံးစားပြုမူ လုပ်ဆောင်ချက်များကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားကြောင်း ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက ကြေညာချက်ထုတ်ပြန်သည်။

ထို့ပြင် ရန်ကုန်အခြေစိုက် ကနေဒါသံရုံးကလည်း ကလေးငယ်အများအပြား အပါအဝင် အနည်းဆုံး အရပ်သား ၂၉ ယောက်ကို အသက်ဆုံးရှုံးစေခဲ့ပြီး အများအပြားကို ဒဏ်ရာရစေခဲ့သော စစ်တပ်၏ တိုက်ခိုက်မှု သတင်းများကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်း၊ နေရပ်ပြောင်းရွှေ့နေထိုင်သူများသည် မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်၏ ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှုဒဏ်ကို ခံနေရသည့် ထိလွယ်ခိုက်လွယ်ဆုံး အရပ်သားများ ဖြစ်ကြောင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်းက နိုင်ငံတစ်ဝန်း ဆိုးရွားသည့် အန္တရာယ်နှင့် ထိခိုက်နစ်နာမှုများကို ဆက်လက်ဖြစ်ပွားစေမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည် ။

အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ဤသည်ကို လက်သင့်ခံ၍ မရကြောင်း၊ ကနေဒါနိုင်ငံက အဆိုပါ အကြမ်းဖက်သည့် လုပ်ရပ်များကို ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အာဆီယံ၊ လူ့အခွင့်အရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ကဲ့သို့သော မိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများဖြစ်သည့် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အရပ်သားများအား ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရန်၊ နိုင်ငံတကာ ဥပဒေများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများကို အပြည့်အဝနှင့် အကန့်အသတ်မရှိ ပေးခွင့်ပေးရန်တို့ကို ထပ်မံတောင်းဆိုကြောင်း ကနေဒါသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံး အကြီးအကဲ Ken O’Flaherty ကမူ ကချင်ပြည် နယ်ရှိ မုန်လိုင်ခက်ကျေးရွာအပေါ် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရသည့် သတင်းကို ကြားသိရသည့်အတွက် ယူကေအစိုးရအနေဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း၊ ယခင်နှစ် မြန်မာစစ်တပ်ကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၃,၈၅၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အကြမ်းဖက်မှုကြောင့် ပြည်သူ ၁ ဒသမ ၂ သန်းကျော် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ အဆိုပါလုပ်ရပ်များသည် လက်ခံနိုင်ဖွယ် လုံးဝမရှိကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် မြန်မာပြည်သူများပေါ် ရက်စက်သည့်တိုက်ခိုက်မှုများ ရပ်တန့်ရန် ထပ်မံ အသိပေးလိုကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article