စစ်အာဏာသိမ်းမှု နှင့် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် NCA ပျက်ပြယ်ပြီဟု ABSDF ၊ KNU နှင့် CNF တို့က တရားဝင် ကြေညာ
■ နိုင်ငံရေးတွင် စစ်တပ် ပါဝင်ခြင်းကို အဆုံးသတ်ရန် နှင့် စစ်တပ်ကို ပြန်လည် ဖွဲ့စည်းရန် အပါအဝင် ဘုံနိုင်ငံရေးရည်မှန်းချက်နှင့်ရပ်တည်ချက်များ ချမှတ်
ရန်ကုန်၊ အောက်တိုဘာ ၁၂
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းလိုက်မှုနှင့် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA ပျက်ပြယ်သွားပြီဖြစ်ပြီး ယင်းသို့တိုက်ခိုက်မှု NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေကြောင်း ABSDF ၊ KNU နှင့် CNF တို့က ယနေ့ တရားဝင် ကြေညာသည်။
NCA လက်မှတ်ရေးထိုးထားသည့် ABSDF ကျောင်းသားတပ်မတော်၊ KNU ကရင့်အမျိုးသားအစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦးတို့က ယင်းသို့ ကြေညာလိုက်ခြင်းဖြစ်ပြီး ကြေညာချက်တွင် အချက် ၆ ချက်ဖော်ပြထားသည်။
စစ်ကောင်စီက NCA အခြေပြု အတုအယောင် ဆွေးနွေးပွဲများနှင့် NCA ၈ နှစ်မြောက် အထိမ်းအမှတ် ကျင်းပခြင်းနှင့်ပတ်သက်ပြီး ဘုံသဘောထား ၆ ချက်ကို ထုတ်ပြန်ကြေညာလိုက်ပြီး ယင်းဘုံသဘောထားတွင် အဓိကအားဖြင့် စစ်အာဏာသိမ်းယူခြင်းသည် NCA အခြေခံမူနှင့်ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA အခြေခံသည့်လုပ်ငန်းစဉ်များနှင့် ဆွေးနွေးပွဲ လမ်းကြောင်းများ ရပ်တန့်သွားခဲ့ ပြီဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။
စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ထပ်ခါတလဲလဲ ပြုလုပ်နေသည့်အတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်စာနာထောက်ထားသည့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည့်အတွက် NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်စေကြောင်း ပြောဆိုသည်။
NCA အခြေပြုပြီး ဖိအားပေး ပြုလုပ်နေသည့် NCA ဟန်ပြ အကောင်အထည်ဖော်မှု ဆွေးနွေါ်ပွဲများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေံဥပဒေကို ရှိနေသယောင် ပြုလုပ်နေသည့် ဟန်ပြ လုပ်ရပ်များ၊ စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ အတုအယောင်များသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမို နက်ရှိုင်းစေပြီး ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုသည်။
NCA လက်မှတ်ရေးထိုးထားသော KNU ၊ ABSDF နှင့် CNF တို့က ဘုံနိုင်ငံရေးရည်မှန်းချက်နှင့် ဘုံရပ်တည်ချက်များကို ချမှတ်လိုက်ပြီး ဘုံနိုင်ငံရေးရည်မှန်းချက်များမှာ
၁- စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေခြင်းကို အဆုံးသတ်ရန်။
၂- စစ်တပ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ခံ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့်အ၀ ထားရှိရန်။
၃- သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒအသစ်ကို ရေးဆွဲပြဋ္ဌာန်းရန်။
၄-ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်။
၅- လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အဆင့်တိုင်းတွင် နိုင်ငံတကာ၏ ကြားဝင်ညှိနှိုင်းမှု၊ နည်းပညာပံ့ပိုးကူညီမှု၊ လေ့လာစောင့်ကြည့်မှုနှင့် ဘဏ္ဍာရေး ကူညီထောက်ပံ့မှု စသည်တို့ပါဝင်ရေး သဘောတူညီထားရန် တို့ဖြစ်ကြောင်း သိရှိရသည်။
ဘုံနိုင်ငံရေး ရပ်တည်ချက်များမှာ
၁- စစ်ကောင်စီသည် ဖော်ပြပါ ဘုံနိုင်ငံရေး ရည်မှန်းချက်များကို လက်ခံပြီး ပြည်သူများအပေါ် ပြုလုပ်နေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ခြင်းမရှိဘဲ (သို့မဟုတ်) အဆုံးမသတ်ဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန် မရှိကြောင်း။
၂- ပါဝင်ပတ်သက်သူများသည် စနစ် အပြောင်းအလဲ ကို လိုလားသည်သာမက ၊ စစ်အာဏာရှင်စနစ်မှ နောက်ပုံစံတစ်ခုသို့ ပြောင်းလဲခြင်း(သို့မဟုတ်) အာဏာရှင် အရပ်သားအစိုးရပုံစံဖြင့် ပြောင်းလဲခြင်းကိုပင် လက်ခံနိုင်ဖွယ်မရှိကြောင်း၊
၃- နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်မခံကြောင်း။
၄- မြန်မာနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းမှုတွင် အမျိုးသားစည်းလုံးညီညွတ်မှုပုံစံကို အခြေခံ၍ အနာဂတ် မြန်မာနိုင်ငံ၏ အစိုးရများကို ဖန်တီးပေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ စနစ်တစ်ရပ် လိုအပ်မည်ဖြစ်ကြောင်း။
၅- စစ်ကောင်စီသည် အဓိက ပဋိပက္ခ မိတ်ဖက်ဖြစ်ပြီး အသွင်ကူးပြောင်းရေး အာဏာပိုင် မဟုတ်ကြောင်း၊ အသွင်ကူးပြောင်းရေးကာလတွင် သက်ဆိုင်သူအားလုံး သဘောတူညီထားသော စစ်မှန်သည့် အသွင်ကူးပြောင်းရေး အာဏာပိုင် တစ်ရပ်လိုအပ်ကြောင်း။
၆-အထက်ဖော်ပြပါ အဆင့်များအားလုံး အကောင်အထည်ဖော်ပြီးမှသာ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အသစ်ကို ကျင်းပနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အာဏာရှင် နစ် သက်ဆိုးရှည်စေမည့် စစ်တပ်၏ လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းမပြုဘဲ ချမှတ်ထားသော ဘုံနိုင်ငံရေးရည်မှန်းချက်များနှင့် ရပ်တည်ချက်များ ဖော်ဆော်ရေး လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း တရားဝင် ကြေညာသည်။