24 C
Yangon

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်သော အရေးယူမှုများကို ပြည်သူများ မျှော်လင့်နေပြီး ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်

Must read

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်သော အရေးယူမှုများကို ပြည်သူများ မျှော်လင့်နေပြီး ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ရန် ပြည်သူများ မျှော်လင့်နေပြီး ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ စစ်တပ်က ထပ်တလဲလဲ ကျူးလွန်နေသည့် ထိတ်လန့်ဖွယ်ကောင်းသော လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်းများ အပါအဝင် နိုင်ငံတကာပြစ်မှုများကို ကုလသမဂ္ဂယန္တရားမှ သက်သေအထောက်အထား အခိုင်အလုံဖြင့် မှတ်တမ်းပြုစုထားပြီး‌ဖြစ်ကြောင်း ၊ လွန်ခဲ့သော (၃၂) လအတွင်း၌ စစ်တပ်သည် တရားလက်လွတ် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူ့အခွင့်အရေးအား အလွန်အမင်းနှင့် စနစ်တကျ ချိုးဖောက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် လူငယ်လူရွယ်များကို ဥပဒေမဲ့ ကွပ်မျက်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်မှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအကြပ် ပျောက်ကွယ်စေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များ၏ အသံများလည်း ဆိတ်သုဉ်းနေရကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ထို့ပြင် စစ်တပ်သည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အရပ်သားပြည်သူများ အပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်တိုဘာလ (၉) ရက်နေ့ ညဉ့်ဦးပိုင်းတွင်လည်း လူမဆန်သည့် စစ်တပ်သည် ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး ကလေးငယ် (၁၃) ဦး အပါအဝင် လူပေါင်း (၃၀) သေဆုံးခဲ့ရကြောင်း၊ စစ်တပ်အနေဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သားလူထုအား ဆက်လက် ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်နေခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း နှင့် ထောင်ပေါင်းများစွာသော ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကျဉ်းချခြင်း စသည်တို့ကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ စစ်တပ်၏ ရည်ရွယ်ချက်သည် ထင်ရှားကြောင်း၊ ၎င်းတို့ ကျူးလွန်လျက်ရှိသော ပြစ်မှုများအားလုံးသည် မြန်မာပြည်သူများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများအပေါ် အကြောက်တရား ရိုက်သွင်းနိုင်ရန်အတွက် နောက်ဆုံးအကြိမ်အဖြစ် ကြိုးပမ်းအားထုတ်နေခြင်းပင်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ထံမှ လေးနက်ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အမှန်တကယ် မျှော်လင့်ပါကြောင်း၊ သို့ရာတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်စေနိုင်မည့် ထိရောက်သော အရေးယူဆောင်ရွက်ချက် မရှိသေးကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်ပါကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article