ရေစကြိုနှင့် ဘုတလင်မြို့နယ်ရှိ စစ်တပ်တပ်ရင်း၊ စစ်ကောင်စီရုံးများကို ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံး ကြဲချတိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊အောက်တိုဘာ ၂၂
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဖူလုံရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၆ တပ်ရင်း အတွင်းသို့ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် Fixed Wing ဒရုန်း လေယာဉ်ငယ်များဖြင့်ဝေဟင်မှ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးနှင့် စစ်သား ၁ ဦး ထိခိုက်သေဆုံးကြောင်း N-YSO ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦး ထိခိုက်သေဆုံးတယ်လို့ ကြားတယ်ဗျ”ဟု N-YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပူပေါင်းစစ်ဆင်ရေးအဖြစ် N-YSO ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း(၁၀)၊ ရေစကြိုမြို့နယ် ပကဖ ဒတပ်ခွဲနှင့် သံမဏိသိန်းငှက် -STEEL HAWK ပခုက္ကူခရိုင်တပ်ရင်း (၁၇) ခွဲ (၂)တပ်စု ၁+၂တို့u ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုဆောင်ရွက်နေစဥ်အတွင်း ခလရ ၂၅၆၊၂၅၈ u လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။
N-YSOပြောက်ကျားတပ်ဖွဲ့တွင် အီနာဂါ ဗုံးများ ပြတ်လပ်နေ၍ တိုက်ပွဲအချို့တွင် ပါဝင်နိုင်ခြင်းမရှိကြောင်း၊ ပြည်သူများ တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း N-YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားရာ ရဲစခန်း၊ မီးသတ်ရုံး၊ သစ်တောရုံးနှင့် ကြောင်မန်းဂိတ်ရှိ အကြမ်းဖက်စစ်တပ်ကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ဘုတလင်မြို့ပေါ်ရှိ မီးသတ်ရုံး နှင့် သစ်တောရုံးတို့ရှိ အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ၆၀ မမ လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“အဆောက်အအုံတွေပေါ်တော့ မချခဲ့ဘူးဗျ၊ ရှေ့တည့်တည့်ပဲချတာတော့များတယ်၊ မီတာ ၂၀ အကွာ လောက်မှာပေါ့၊ အဆောက်အအုံထိခိုက်ပျက်စီးမှုရှိ၊ မရှိတော့ မသိရသေးဘူး၊ လက်နက်ငယ်တွေနဲ့ ပြန် ပစ်တာတော့ရှိပါတယ်” ဟု Chindwin Brothers တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အတူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘုတလင်မြို့ပေါ်ရှိ ရဲစခန်းနှင့် ကြောင်မန်းဂိတ်ရှိ စစ်တပ်ကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers ၊ B 21 ကနီ၊ ကိုဘရာအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့ ၊ တပင်ရွှေထီး နှင့် အခြားဒေသ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- Eagle Brigade (AnyarEagles)တပ်ဖွဲ့၏ ဒရုန်းလေယာဉ်တစ်စီး။