ရန်ကုန်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်လို့ ညအချိန်အထိ လမ်းတွေပိတ်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၄
ရန်ကုန်မှာ ဒီနေ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေလို့ ညအချိန်အထိ ကားလမ်းတွေ ပိတ်ဆို့နေတယ်လို့ ရန်ကုန်မြို့ခံတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းကစပြီး ရန်ကုန်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး ရန်ကုန်မြို့ မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ အဓိကအားဖြင့် အနိမ့်ပိုင်းမြို့နယ်တွေဖြစ်တဲ့ တာမွေမြို့နယ်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စတဲ့မြို့နယ် အတော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
“ည ၈ နာရီကျော်လောက်အထိကို ရေတွေ ပြန်မကျဘူး။ ရေကြီးနေတာ။ ဝေဇယန္တရာလမ်းမကြီးမှာလည်း ရေအရမ်းကြီးတယ်။ တာမွေ Ocean ၊ ဗဟန်း ဘက်တွေ အတော်ကို ရေကြီးတာ။ အခုတော့ ပြန်ကျနေပြီ။ ဒါပေမယ့် ရေတွေက လမ်းပေါ်တင်နေတော့ ဖြည်းဖြည်းပဲ မောင်းနေရတယ်။ တစ်ညနေလုံးတော့ ရေတွေ တအားကိုကြီးတာ” လို့ ရန်ကုန်မြို့ Taxi ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ရွှေတိဂုံဘုရား စောင်းတန်းတွေမှာလည်း လမ်းမပေါ်က ရေတွေနဲ့ ဘုရားပေါ်က ရေတွေ ဆင်းလာလို့ စောင်းတန်း လှေကားတစ်လျှောက် ရေတံခွန်လို ဖြစ်ခဲ့ရပြီး ဆိုင်ခန်းတွေ စောစောပိတ်သိမ်းခဲ့ရတယ်လို့ ဘုရားစောင်းတန်းမှာ နိဗ္ဗာန်ကုန်ဆိုင် ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဖြစ်နေတဲ့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ဟမွန်း” (HAMOON) က အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ သံတွဲမြို့(Thandwe)၏ အနောက်- အနောက်မြောက် ဘက် ရေမိုင် (၂၅၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် (၁၄၀)မိုင်ခန့်၊ မောင်တော မြို့ (Maungdaw)၏ အနောက်ဘက် ရေမိုင် (၁၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၇၅)မိုင်ခန့်၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၈၀)မိုင် ခန့်နှင့် စစ်တကောင်းမြို့(Chittagong) ၏ အနောက်တောင်ဘက် ရေမိုင် (၁၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ကြောင်း ၊ ဒီမုန်တိုင်းကြောင့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။