အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထား
■ မဟာဗျူဟာ ထိုးစစ်၏ ကနဦးခြေလှမ်းဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ပြောဆို
ရန်ကုန်၊ အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ မိုးမောင်မြို့နယ်ရှိ အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထားကြောင်း သိရသည်။
အောင်ဂျာ စခန်းကို ရောက်ရှိနေသည့် PDF စစ်ဒေသမှူးက “ဝန်ကြီးရေ ကောက်လို့တော့ မပြီးသေးဘူး၊လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDFတစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ” ဟု လှမ်းပြောကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦးဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်ကြောင်း၊ အဆိုပါ စခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲဘော်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး အဖွဲ့အစည်းများ၏ ဌာနချုပ်များကို ခြိမ်းခြောက်လိုသော စစ်ကောင်စီ၏ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် အောင်ပွဲလည်းဖြစ်ကြောင်း၊ တော်လှန်ရေးထု အင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာ ထိုးစစ်၏ ကနဦးခြေလှမ်းလည်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် ရန်သူ့အင်အား ရာကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
အောင်ဂျာ စခန်းသိမ်းတိုက်ပွဲသည် ကျားတက်ထိုးပြီး ဝင်ရောက် သိမ်းယူခဲ့သည့် စခန်းသိမ်း အောင်ပွဲနေ့၌ PDF ရဲဘော်များ၏ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးကြောင်း ပြောဆိုထားသည်။