ဩစတြေးလျတွင် မြန်မာဆရာဝန်အသိုင်းအ၀ိုင်းနှင့် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ဩစတြေးလျ ဒေါ်လာ ၈၀၀၀၀ ကျော် ထည့်ဝင် လှူဒါန်း
ရန်ကုန်၊ အောက်တိုဘာ ၂၆
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် မြန်မာဆရာဝန်အသိုင်းအ၀ိုင်းနှင့် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ဩစတြေးလျ ဒေါ်လာ ၈၀၀၀၀ ကျော် ထည့်ဝင် လှူဒါန်းကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် အောက်တိုဘာလ ၁၄ ရက်နေ့ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့တွင် မြန်မာဆရာဝန်များ (Medical diasporas) နှင့် တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် မြန်မာဆရာဝန်များ (Medical diasporas) က စစ်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဩစတြေးလျဒေါ်လာ ၈၀၀၀၀ ကျော် ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။