ထိုင်းနိုင်ငံ မဲဆောက်တွင် ကျန်းမာရေးစောင့်ရှောက်မှု ရရန် ကြိုးပမ်းသည့် မြန်မာဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး ခြိမ်းခြောက်ငွေညှစ်
ရန်ကုန်၊ အောက်တိုဘ ၂၆
ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ကျန်းမာရေးစောင့်ရှောက်မှုရယူရန် ကြိုးပမ်းသည့် မြန်မာဒုက္ခသည်များကို ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်နေ၍ ကျန်းမာရေးစောင့်ရှောက်မှု တောင်းခံရန် အခက်အခဲများ ရှိနေကြောင်း Fortify Rights က ယနေ့ ပြောဆိုသည်။
Fortify Rights အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသမီး ၈ ဦးအပါအဝင် မြန်မာဒုက္ခသည် ၃၈ ဦးကို တွေ့ဆုံမေးမြန်းခဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မေးမြန်းခဲ့သူများတွင် ကျန်းမာရေးစောင့်ရှောက်မှု ရယူရန် ဆေးခန်းအသွားတွင် ထိုင်းအာဏာပိုင်များ၏ စောင့်ဖမ်း၍ ခြိမ်းခြောက်ငွေညှစ်ခြင်းခံရသူများပါ ပါဝင်ကြောင်း ၊ ထိုင်းအစိုးရ အနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုရယူရန် ကြိုးပမ်းနေသည့် မြန်မာဒုက္ခသည်များအား မတရားဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများကို တားဆီးပိတ်ပင်၍ ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ကာကွယ်ပေးနိုင်သည့် တရားဝင်အခြေအနေတစ်ရပ်ကို စီစဉ်ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။
“ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အများပြည်သူဆိုင်ရာ ကူညီထောက်ပံ့မှု များကို ရရှိနိုင်စေရန် ကာကွယ်ပေးနိုင်သည့် တရားဝင်အခြေအနေတစ်ရပ်ကို အရေးတကြီး လိုအပ်နေပါတယ်။ မဲဆောက်က ဒုက္ခသည်တွေဟာ အပြစ်ကျူးလွန်မှုမှ ကင်းလွတ်ခွင့် အပြည့်အဝရနေတဲ့ နယ်မြေခံရဲတွေရဲ့ လက်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့သာ ရင်ဆိုင်နေရပါတယ်။ ဒီအရာရှိတွေရဲ့ လုပ်ရပ်နဲ့ အဲ့ဒီအရာတွေကနေ ကာကွယ်ပေးလို့ရတဲ့ ဥပဒေနဲ့ညီတဲ့ တရားဝင်အခြေအနေတွေ မရှိတာက ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအတွက် အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အနေအထားထိ ဖြစ်နေပါတယ်” ဟု Fortify Rights မှ Senior Advocacy Specialist ဖြစ်သူ Patrick Phongsathorn က ပြောကြားသည်။
မဲဆောက်မြို့ရှိ နယ်မြေခံ ရဲများသည် ဆေးခန်းသို့ သွားရာလမ်းတွင် မြန်မာဒုက္ခသည်များကို ဖမ်းဆီး၍ နာရီနှင့်ချီ စစ်ဆေးမေးမြန်းမှု လုပ်ဆောင်ခြင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရယူစဉ် ဆက်တိုက်ဖမ်းဆီးခြင်းအပြင် ကိုဗစ် ကာကွယ်ဆေးထိုးပြီး ဆေးခန်းမှ ပြန်လာသူများကိုလည်း စောင့်၍ ဖမ်းဆီးခြင်း ဖမ်းဆီးပြီးနောက် ငွေညှစ်ခံရသူများလည်းရှိကြောင်း Fortify Rights က ဆိုသည်။
ထိုင်းအာဏာပိုင်များသည် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လုပ်ဆောင်သည့် မြန်မာဒုက္ခသည်များကို ဖမ်းဆီး ငွေညှစ်ရာတွင် ထိုင်းဘတ်ငွေ သောင်းချီ၍ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ လုပ်ဆောင်ခဲ့ကြပြီး အဆိုပါ ငွေကြေးရယူမှုအတွက် ပြေစာကဲ့သို့ သက်သေခံစာရွက် တစ်စုံတစ်ရာလည်း ပေးခဲ့ခြင်း မရှိကြောင်း ကိုယ်တိုင် ဖမ်းဆီးငွေညှစ်ခြင်းခံရသူများက ပြောဆိုကြသည်။
မြန်မာဒုက္ခသည်များသည်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အဟန့်အတားဖြစ်နေသည့် အကြောင်းအရင်းများတွင် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ခြင်း၊ တရားဝင် စာရွက်စာတမ်းအထောက် အထားမရှိခြင်း၊ ပြည်သူ့ကျန်းမာရေး အာမခံစီမံချက်များရရှိနိုင်မှု မရှိခြင်းနှင့် ဘာသာစကား အခက်အခဲရှိခြင်းစသည့် အချက်များအပြင် အစိုးရဆေးရုံများနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံများတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမမီခြင်းတို့လည်း ပါဝင်ကြောင်း သိရှိရသည်။
ထို့ကြောင့် မဲဆောက်ရှိ မြန်မာဒုက္ခသည်များသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အခမဲ့ဆေးခန်းများကိုသာ မှီခိုနေကြရကြောင်း၊ အနီးအနားရှိ မြန်မာလူများများဖွင့်ထားသည့် ဆေးဆိုင်များမှ ဆေးများကို အားကိုး၍ အိမ်တွင်ပင် ဆေးဝါးများ ကြိုတင်စုဆောင်းခြင်းများ လုပ်ဆောင်ကာ ရောဂါပြင်းထန်သည့် အခြေအနေမျိုးမဟုတ်ပါက ဖမ်းဆီးခံရမည်ကို စိုးရွံ့၍ ဆေးခန်းသွားခြင်းကို ရှောင်ရှားကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုင်းနိုင်ငံတွင် ယာယီဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ကျော်ရှိပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း မဲဆောက်နှင့် ထိုင်းနိုင်ငံတဝှမ်း၌ မဖော်ပြနိုင်သော အခြားဒုက္ခသည်များ ခိုလှုံပုန်းအောင်းနေပြီး မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော် ခိုလှုံလာခဲ့သည်ဟု ထိုင်းအစိုးရက ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်သော်လည်း ဒုက္ခသည်အားလုံးနီးပါး မြန်မာနိုင်ငံသို့ ပြန်သွားကြပြီဖြစ်ကြောင်း ယုတ္တိမဲ့စွာ ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံတွင် ဒုက္ခသည်များကို အသိအမှတ်ပြုလက်ခံပေးပြီး ကာကွယ်ပေးသည့် ထိရောက်သော ဥပဒေမူဘောင် မရှိသည့်အတွက် ဒုက္ခသည်များသည် ထိုင်းနိုင်ငံ၏ ၁၉၇၉ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု သို့မဟုတ် နေထိုင်မှုစသည့် ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်များ ရင်ဆိုင်နေရပြီး ဒုက္ခသည်များသည် မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရကြောင်း၊ ထိုင်းနိုင်ငံတွင် တရားဝင်အခြေအနေမရှိခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများအသုံးပြုသည့် ပြည်သူ့ကျန်းမာရေးအာမခံ အစီအစဉ်တွင် ဒုက္ခသည်များနေဖြင့် အကျုံးမဝင်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအနေနှင့် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့် ၎င်း၏ မူကြမ်း (ပရိုတိုကော) ကို နှောင့်နှေးခြင်းမရှိဘဲ အတည်ပြုလက်မှတ်ရေးထိုးသင့်ပြီး တစ်ချိန်တည်းမှာပင် တရားဝင် မှတ်ပုံတင်ခြင်း၊ ယာယီ အကာအကွယ်ပေးနိုင်သည့် အခြေအနေတစ်ရပ်ဆောင်ရွက်ပေးခြင်းနှင့် မြန်မာဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို တန်းတူရရှိခွင့်ပေးသင့်ကြောင်း Forty Rights ကတောင်းဆိုထားသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် ဒုက္ခသည်များကို အကာအကွယ်ပေးနိုင်သည်ဟု ယူဆရသည့် National Screening Mechanism (NSM) ကို ပံ့ပိုးပေးသည့် စည်းမျဉ်းဥပဒေများသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အချို့သော လူတစ်ဦးချင်းစီကို ထိုင်းနိုင်ငံတွင် အကာအကွယ်ရယူနိုင်ခြင်းမှ ဖယ်ထုတ်ထားမှုသည် အဓိပ္ပါယ်မဲ့ကြောင်း၊ နိုင်ထက်စီးနင်းဆန်သည့် ပြဋ္ဌာန်းချက်များပါဝင်နေကြောင်း၊ Fortify Rightsက ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုအန္တရာယ်တွေကနေ ထွက်ပြေးလာကြရတဲ့ လူတွေအပေါ် ထိုင်းနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ အခြေခံနည်းလမ်းက ချို့ယွင်းမှုပြဿနာတွေရှိနေပါတယ်။ ထိုင်းအစိုးရသစ်အနေနဲ့ ဒီဖြေရှင်းနည်းကို ပြောင်းလဲဖို့ အခွင့်အရေးရှိပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကမှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်း၊ ဒုက္ခသည်ဖြစ်ခြင်းတို့ ကြောင့် ဖမ်းဆီးခံရဖို့ မသင့်ပါဘူး” ဟု Fortify Rights မှ Senior Advocacy Specialist ဖြစ်သူ Patrick Phongsathorn က ပြောကြားသည်။
ဓာတ်ပုံ- မဲဆောက်တွင် မြန်မာအလု်သမားများကို ဖမ်းဆီးစစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)