32 C
Yangon

ကော့ကရိတ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၁ ဦး သေဆုံးပြီး ဒုခွဲမှူး ၁ ဦး ဒဏ်ရာရ၊ သံတောင်ကြီးရှိ ပလက်ဝဗျူဟာစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် မှု ဗျူဟာမှူး သေဆုံး

Must read

ကော့ကရိတ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၁ ဦး သေဆုံးပြီး ဒုခွဲမှူး ၁ ဦး ဒဏ်ရာရ၊ သံတောင်ကြီးရှိ ပလက်ဝဗျူဟာစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် မှု ဗျူဟာမှူး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၁ ဦး သေဆုံးပြီး ဒုခွဲမှူး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ မှ နံနက် ၁၁ နာရီ အထိ ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ အရှေ့ခြမ်း ဆင်ကုန်ကျေးရွာအတွင်း အခြေချရန် နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ−၂၀၇၊ တပ်မ ၂၂ လက်အောက်ခံ ခမရ−၂၀၁၊ ခလရ ၂၃၁ တပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် (၆) တပ်မဟာရှိ တပ်ရင်း (၁၈) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ကော့ကရိတ် အရှေ့ခြမ်း အာရှလမ်းမ အနီး (တနေးမူး) လမ်းခွဲတစ်နေရာတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခမရ-၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် ၆ ဦး သေဆုံးခဲ့ကာ ဒုခွဲမှူး ၁ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) – တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်၌ ကေအဲန်ယူ− ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ ရေကူးကန်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ ခလရ−၂၃၁ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A) – တပ်ရင်း (၁၈) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါ ဖြင့် သွားရောက် ပစ်ခတ်ရာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ကေအဲန်ယူ−ကော့ကရိတ်မြို့နယ် တတန်ကူး ကျေးရွာအတွင်းကို ဝင်ရောက် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ ခမရ−၂၀၂ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) – တပ်ရင်း (၁၈) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကသွားရောက် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့နယ်၌ အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေရာအနှံ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ အရေးနိမ့်ခဲ့သည့် အတွက် လေကြောင်းပစ်ကူအဖြစ် မော်လမြိုင် ရတခ မှ Mi-35P Attack Helicopter တစ်စင်းဖြင် ကေအဲန်ယူ−ကော့ကရိတ်မြို့နယ် ဆင်ကုန်း၊ မောင်းမရွာသစ်၊ ကမိုင်ကုန်းရွာသစ် စသည့် နေရာ တစ်ဝိုက်ကို ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ၆ ကြိမ် လှည့်ပတ်ပျံဝဲကာ ၃ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် ရေလည်ကုန်း၊ ဆင်ကုန်း၊ ရွာသစ်ကုန်း၊ နန်းရွှေမှုံ၊ အောင်လှိုင် နှင့် တတန်ကူး စသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် နေရာအနှံ့ ပစ်ခတ်ခဲ့သည့် အတွက် ကော့ကရိတ်မြို့နယ် ရေလည်ကုန်းကျေးရွာနေ ဦးသိန်းအောင်၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး ၎င်းအိမ်မွေး တိရိစ္ဆာန် နွား တစ်ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပလက်ဝဗျူဟာစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ဗျူဟာမှူး သေဆုံးခဲ့ကြောင်း PDF ၃၅၀၂ တပ်ခွဲ ၁ sniper အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် KNU တပ်မဟာ ၂ နယ်မြေ၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပလက်ဝဗျူဟာစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုကိခိုက်ရာ ဗျူဟာမှူး သေဆုံးခဲ့ကြောင်း သိရသည်။

“KNU တပ်မဟာ ၂ နယ်မြေထဲက စစ်ခွေးတွေရဲ့ ပလက်ဝဗျူဟာစခန်းကို စနိုက်ပါနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်တာ ဗျူဟာမှူး သေပါတယ်” ဟု PDF ၃၅၀၂ တပ်ခွဲ ၁ sniper အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF ၃၅၀၂ တပ်ခွဲ ၁ sniper အဖွဲ့နှင့် KNU ပူပေါင်း အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article