မရမ်းကုန်း အောင်သပြေစစ်ကြောရေး ရဲဝင်းအတွင်းတွင် ဗုံးပေါက်ကွဲပြီး တောင်ဥက္ကလာ စစ်တပ်ပိုင် မြ၀တီဘဏ်နှင့်မြောက်ဒဂုံတို့တွင်လည်း ဗုံးပေါက်ကွဲ
■ လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာရှိ စစ်တပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ အောင်သပြေစစ်ကြောရေး ရဲဝင်းအတွင်းတွင် ဗုံးပေါက်ကွဲကြောင်း မရမ်းကုန်းမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ အောင်သပြေရဲဝင်းအတွင်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားရပြီးနောက် အောင်သပြေရဲဝင်းအတွင်းမှ လုံခြုံရေး ရဲများက အပြင်သို့ ခဏ ပြေးထွက်လာကြကြောင်း၊ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်၊ ၄ ရပ်ကွက်နှင့် ၆ ရပ်ကွက်တို့တွင် ဧည့်စာရင်း စစ်ရန် ပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။
“ည ၇ နာရီ ၃၈ မိနစ်မှာ မရမ်းကုန်းမြိုနယ်၊ အောင်သပြေရဲဝင်းနားမှာ ဗုံးပေါက်တဲ့အသံက ကျယ်လောင်စွာကြားရပါတယ်။ ဗုံးပေါက်ကွဲသံကို မရမ်းကုန်း ၃ ရပ်ကွက်၊ ၄ ရပ်ကွက်၊ ၆ ရပ်ကွက်က ပီပီသသကြားရတယ်။ ဒီည ရပ်ကွက်တွေမှာ ဧည့်စာရင်း ဝင်စစ်မယ်လို့ ပြောတယ်” ဟု မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းအနီးနေထိုင်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် တောင်ဥက္ကလာပမြို့နယ်၊ စစ်တပ်ပိုင် မြ၀တီဘဏ်တွင် ယနေ့ ည ၇ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ည ၇ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
“တောင်ဥက္ကလာ မြ၀တီဘဏ်မှာက ဗုံး ၂ လုံးပေါက်တာ။ ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာ ၂၅ ရက်နေ့ညတွင် တာဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Little Hero (YGN) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ ကြိုတင်ပြင်ဆင်ခဲ့ရတာ တွေကတော့အများကြီးပါ ။ ၅ လ လောက်ကြိုတင်ပြင်ဆင်ခဲ့ရတာပေါ့။ အဘက်ဘက် လုံခြုံအောင် စိတ်ချရအောင် ရန်သူကိုထိရောက်အောင် ။ ထိခိုက်မှုရှိနိုင်ပါတယ်။ ရှော့တိုက်ဒုံးနဲ့ပစ်တာ ဖြစ်တဲ့အတွက် သေချာမသိရသေးပါဘူး” ဟု Little Hero (YGN) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
ယမန်နေ့ ညပိုင်း အင်းစိန်မြို့နယ်ရှိ မြို့နယ်စုပေါင်းရုံး၊ မြောက်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲခဲ့ပြီး စစ်တပ်က ညပိုင်း လုံခြုံရေး တိုးမြှင့်မှုများရှိလာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင်း ညပိုင်း မြို့ကြီးများတွင် ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)