21 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ ဘုတ်ထမ်းရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေ၊ ပြည်သူ ၁၅ ဦးကျော်ကို စစ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ဒီပဲယင်းမြို့နယ်ရှိ ဘုတ်ထမ်းရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေ၊ ပြည်သူ ၁၅ ဦးကျော်ကို စစ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဘုတ်ထမ်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်က စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ ဘုတ်ထမ်းရွာကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ပြည်သူ ၁၅ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

” အခုည ၇ နာရီ ၄၀ မိနစ်ကနေစပြီး ဘုတ်ထမ်းရွာကို စစ်ခွေးတွေ မီးစရှို့နေပါတယ်။ ပြည်သူ အမျိုးသား ၁၅ ဦးကျော်ကိုလည်း လူသားဒိုင်းအနေနဲ့ ရွာထဲမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်။ ဘယ်ရွာတွေက ပြည်သူတွေလည်းဆိုတာ မသိရသေးဘူး။ စစ်ခွေးတွေက စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက်က တွေ့တဲ့သူ အကုန်ဖမ်းသွားတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းကလည်း ဒီပဲယင်း အနောက်ခြမ်းရှိ ရှမ်းတောရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ဆိုင်ကယ် ၁၁ စီး နှင့် တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ တောကျောင်း၊ အင်းတန်း၊ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ မဲသယ်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လပ်တီး၊ ကြည်၊ ဘုရားထွက်၊ သာစည်၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ကျွန်းတော၊ ဘုတ်ထမ်း၊ ခြုံရွာ၊ သိမ္ဘာ၊ ပန်းပု၊ ထောက်ရှာ၊ အင်းကုန်း၊ မင်းတဲကုန်း၊ ရှမ်းတော၊ ကလန့်၊ ခြုံရွာ၊ ဘုတ်ထမ်းနှင့် အိုးထိမ်းကွင်း စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဥ်(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article