မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေး “၁၀၂၇ စစ် ဆင်ရေး”တွင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) နှင့် မိုးကုတ်ဗျူဟာတို့ ပါဝင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာ
ရန်ကုန်၊ အောက်တိုဘာ ၂၈
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေးတွင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် မိုးကုတ်ဗျူဟာတို့ကပါ ပါဝင်တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာကြသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်း ကစားလိမ်လည်မှု ပပျောက်ရေးနှင့် အဆိုပါ လုပ်ငန်းများလုပ်ဆောင်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရေး ရည်ရွယ်ချက်များဖြင့် “၁၀၂၇ စစ်ဆင် ရေး”ကို ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့် တပ်တော်(AA) နှင့် တအာင်းတပ်မတော် (TNLA)တို့၏ လှုပ်ရှားမှုကို ကြိုဆို ကြောင်း “စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရ နှင့် ၂၀၀၈ အခြေခံ ဥပဒေတို့မှာ စစ်မှန်သောဒီမိုကရေစီနှင့် စစ်မှန်သော ပြည်ထောင်စုကို လိုလား သူတိုင်းက အကုန်စင်တိုက်ဖျက်ရမည့် ဘုံရန်သူဖြစ်ကြောင်း ကလလတ (KNPLF)က ထုတ်ပြန်သည်။
ထို့ကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးစီးနေသော စစ်အုပ်စု ဘုံရန်သူကို သံလွင်မြစ်၊ချင်းတွင်းမြစ်၊ကစ္ဆပ္ပနဒီမြစ်ဘေး ဘယ်ညာ၌ရှိသော တော်လှန်ရေး အင်အားစုများက တစ်ပြိုင်တည်း တိုက်ခိုက်ကြရန်လည်း တိုက်တွန်းကြောင်း၊ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်ကို ဘုံရန်သူကို ဦးတည်တိုက်ခိုက်နေသော အဖွဲ့အစည်းအသီးသီးသည် လေးစားအတု ယူလိုက်နာသင့်သော လိုက်ထုံးလုပ်နည်းဖြစ်ကြောင်း၊ ကလလတ(KNPLF) အနေဖြင့် ယခုရင်ဆိုင်နေရသော စစ်မျက်နှာပြင်မှ စစ်ကောင်စီကို ပူးပေါင်း ပါဝင်တိုက်ခိုက်မည်ဖြစ်ပြီး တိုက်ပွဲဝင်စိတ်ဓာတ်ကို တည်ကြည်စွာ ကတိပြု ကြောင်း ထုတ်ပြန် ကြေညာသည်။
အလားတူ မန္တလေးတိုင်း ၊ မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ တို့ကလည်း ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ မဟာမိတ် TNLA ၏ ကူညီစောင့်ရှောက်မှုဖြင့် တည်ထောင်ခဲ့ပြီး စစ်ဆင်ရေးများကို ပူးတွဲ ဆောင်ရွက်ခဲ့ကြောင်း၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို မိုးကုတ် ဗျူဟာက လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်သည်။
မိုးကုတ်ဗျူဟာအနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ၁၀၂၇ စစ် ဆင်ရေး တွင် မိုးလုံးမှိုင်း စစ်ဆင်ရေး ကို အရှိန်တိုးမြှင့်၍ တစ်ထောင့် တစ်နေ ရာမှ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ- မိုးကုတ်ဗျူဟာ တပ်ရင်းများ၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)