မုံးကိုးနှင့် ချင်းရွှေဟော်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) ၏ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲ့ နှင့် တပ်ရင်း(၃၀၂)တို့ ပူးပေါင်းကာ မုံးကိုးဒေသ ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်နေရာတွင် အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်တော်ရှမ်းအိုင်တွင်ရှိသော အကြမ်းဖက် စစ်တပ်၏ တပ်စခန်းကိုလည်း ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA) သည် အကြမ်းဖက် စစ်တပ်၏ 14.5 စက်လက်ကြီး တပ်ဆင်ထားသော သံချပ်ကာယာဥ် ၂ စီးကို သိမ်းဆည်းရရှိခဲ့ပြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) တပ်မဟာ ၂၁၁ လက်အောက်ခံတပ်ဖွဲ့များသည် တောင်ပိုင်း တိုက်နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ရေးအရ အရေးကြီးသော တပ်စခန်း ၁ ခုဖြစ်သည့် မာကျားတိပေါက်ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ကြောင်း သိရသည်။

