ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်တပ်အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တိုက်ခိုက်မှု ပန်ဆိုင်းမြို့ရဲစခန်း မီးလောင်ပြာကျ
ရန်ကုန်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညပိုင်းတွင် ပန်ဆိုင်း ရဲစခန်း မီးလောင်သွားပြီး ရဲများ ထွက်ပြေးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့မှစတင်၍ မြောက်ပိုင်းမဟာမိတ်တပ်များက ကြူကုန်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းတွင် ပန်ဆိုင်းရဲစခန်းကို သိမ်းဆည်းရရှိကြောင်း၊ ယင်းနောက် ပန်ဆိုင်းရဲစခန်းတစ်ခုလုံးကို မီးရှို့ပြာချလိုက်ပြီး ရဲများအားလုံးမှာလည်း ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရှိရသည်။
“မူဆယ်ခရိုင် ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ မအလစစ်တပ်၏ အထိုင်စခန်းနဲ့ ပန်ဆိုင်းမြို့ရဲစခန်းကို မနေ့ ၂ရက်မြောက် တိုက်ခိုက်ပြီးတဲ့နောက်မှာ မနေ့ညပိုင်းမှာ မြောက်ပိုင်းအဖွဲ့တွေက သိမ်းမိပြီး မီးရှို့ပြာချလိုက်တယ်။ အဓိက ဒရုန်းတွေနဲ့ ဗုံးကျဲတော့ ရဲတွေ အကုန်ထွက်ပြေးသွားကြတာ” ဟု ပန်ဆိုင်းမြို့ခံတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ကြူကုတ်နှင့် ပန်ဆိုင်းမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။


