26 C
Yangon

မြန်မာစစ်တပ်ကို ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ဩစတြေ းလျအစိုးရ ကို အဖွဲ့ပေါင်း ၄၁၄ ခုတို့က တောင်းဆို

Must read

မြန်မာစစ်တပ်ကို ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ဩစတြေ းလျအစိုးရ ကို အဖွဲ့ပေါင်း ၄၁၄ ခုတို့က တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၄

အကြမ်းဖက်စစ်တပ်ကို ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်အတွက် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ထံသို့ အဖွဲ့အစည်းပေါင်း ၄၁၄ ခုတို့နှင့်အတူ Myanmar Campaign Network က အိတ်ဖွင့်ပေးစာပေးပို့တောင်းလိုက်သည်။။

အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က အကြမ်းဖက်စစ်တပ်ကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ပြီးနောက် အလုပ်သမားသမဂ္ဂများ၊ NGOများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် ယုံကြည်ကိုးကွယ်မှုအခြေခံသည့် အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့ ပေါင်း ၄၁၄ ဖွဲ့ကျော်တို့နှင့်အတူ Myanmar Campaign Network က မြန်မာစစ်တပ်အပေါ် သြစတြေးလျမှ ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သြစတြေးလျအစိုးရက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် လူပုဂ္ဂိုလ် ၁၆ ဦးနှင့် အဖွဲ့အစည်း ၂ ခုအပေါ် ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အကောင်အထည်ဖော်ခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု၏ ၂ ရာခိုင်နှုန်းမျှ သာဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်လုပ်ငန်း၊ ပုလဲနှင့် ကျောက်မျက်ကဲ့သို့သော အဓိကကဏ္ဍများတွင်ပါဝင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအပေါ် အဓိကအာရုံစိုက်ကာ ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများက အထူးတောင်းဆိုကြောင်း Myanmar Campaign Network ၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

အမေရိကန်နိုင်ငံ၏ အကြမ်းဖက်စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသည် အကျိုးအမြတ်များသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့နှင့်အတူ စစ်တပ်ထံသို့ ရောက်ရှိမည့် နိုင်ငံခြားငွေ သန်းရာပေါင်းများစွာကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည်လည်း မြန်မာ့သတ္တုတွင်းလုပ်ငန်း ၁ နှင့် ၂ ကို လူပုဂ္ဂိုလ်အများအပြားနှင့်အတူ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း၊ ဗြိတိန်သည် လက်နက်ရောင်းဝယ်သူများ၊ ငွေရေးကြေးရေးသမားများနှင့် လေကြောင်းထောက်ပံ့ရေးကွင်းဆက်တို့ကို ပစ်မှတ်ထားကာ စစ်တပ်အပေါ် ဖိအားများ ချမှတ်ခဲ့သည့်အတွက် အကြမ်းဖက်စစ်တပ်အပေါ် နိုင်ငံတကာဖိအားများ တိုးမြင့်လာနေခြင်းကို သက်သေပြသနေကြောင်းလည်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဩစတြေးလျအစိုးရအနေဖြင့် မြန်မာစစ်တပ်အပေါ် ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရာတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များ၊ လက်နက်ထုတ်လုပ်သူများ၊ လေကြောင်းထောက်ပံ့ရေးကွင်းဆက်၊ စစ်တပ်၏ခေါင်းဆောင်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့အပါအဝင် ထိပ်သီးပစ်မှတ်များကို ပိတ်ဆို့အရေးယူရန် ညွှန့်ပေါင်းအဖွဲ့က အရေးတကြီး တောင်းဆိုထားသည်။

“ဒီမိုကရက်တစ်အင်အားစုတွေက နိုင်ငံတစ်ဝက်ကျော်ကို ချုပ်ကိုင်ထားနိုင်နေတဲ့ ဒီအချက်အချာကျတဲ့ အချိန်မှာ သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်သည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာမဟုတ်သော်လည်း မည်သည့်အချိန်တွင် ပိတ်ဆို့အရေးယူမည်ကို မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ရုရှားအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကို လ သို့မဟုတ် နှစ်များစွာ မလိုအပ်ဘဲ လျင်မြန်စွာ ပြဋ္ဌာန်းနိုင်သည်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုတွင် ကျွန်ုပ်တို့၏ဒီမိုကရေစီမဟာမိတ်များနှင့် သြစတြေးလျနိုင်ငံသည် ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံရှိ ဆင်းရဲဒုက္ခများကို သက်သာရာရစေမည့် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်”ဟု Myanmar Campaign Network Manager Tasneem Roc က ပြောဆိုသည်။

ဩစတြေးလျရှိ ရင်းနှီးမြှုပ်နှံသူများနှင့် မိုင်းတွင်း လုပ်သားများသည် မြန်မာနိုင်ငံရှိ ဖြစ်ရပ်များကို ဖုံးကွယ်၍ စီးပွားရေးလုပ် ဆောင် နေကြဆဲဖြစ်ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုသည် အကြမ်းဖက်လူသတ် စစ်တပ်နှင့် ၎င်း၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေကို တရားဝင်ဖြစ်စေရန် ကူညီပေးနေခြင်းဖြစ်ကြောင်း Transparency International Australia ၏ CEO Clancy Moore မှ ဩစတြေးလျအစိုးရသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“သြစတြေးလျက အမေရိကန်၊ ကနေဒါနှင့် ယူကေတို့လို မဟာမိတ်တွေရဲ့ ဦးဆောင်မှုကို လိုက်နာရမှာ ဖြစ်ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ၁ နဲ့ ၂ တို့ကို ပိတ်ဆို့အရေးယူပေးပါ” ဟု Transparency International Australia ၏ CEO Clancy Moore က ပြောကြားသည်။

ထို့ပြင် မြန်မာ့ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို တားဆီးရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်များနှင့်အညီ ပိတ်ဆို့အရေးယူမှုများ အားကောင်းစေရန် လုပ်ဆောင်ရန် ဩစတြေးလျအစိုးရကို တိုက်တွန်းကြောင်း သြစတြေးလျ အလုပ်သမားသမဂ္ဂများကောင်စီ ဥက္ကဌ Michele O’Neil က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် လူထောင်ပေါင်းများစွာ သေကျေပျက်စီးခဲ့ပြီး လူပေါင်း ၂၅၀၀၀ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ နေအိမ် ၈သောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကာ နေရပ်စွန့်ခွာရသူများ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article