NUG အစိုးရ တာဝန်ရှိသူများနှင့် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် အပါအဝင် လွှတ်တော် အမတ်များ တာဝန်ရှိသူနှင့်တွေ့ဆုံကာ မြန်မာ့ အရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး
ရန်ကုန်၊ နိုဝင်ဘာ ၆
အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများနှင့်ကနေဒါနိုင်ငံ ဘုရင်ခံချုပ် အပါအဝင် လွှတ်တော် အမတ်များ တာဝန်ရှိသူ နှင့်တွေ့ဆုံကာ မြန်မာ့ အရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး ခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂ ရက်နေ့တွင် NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် ၂၆ ဆက်မြောက် ကနေဒါ ဘုရင်ခံချုပ် Right Honourable Adrienne Clarkson နှင့် PEN International အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကနေဒါနိုင်ငံသားဆိုင်ရာ အင်စတီကျူ (Institute for Canadian Citizenship) ပူးတွဲတည်ထောင်သူနှင့် ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ John Ralston Saul တို့ တည်ခင်းဧည့်ခံသော နေ့လည်စာ စားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ် တိုးတက်မှုများနှင့် လက်ရှိ အခြေအနေအရပ်ရပ်၊ ရိုဟင်ဂျာ အရေးကိစ္စများနှင့် အားလုံးပါဝင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင် ဖလှယ် ဆွေးနွေးခဲ့ကြောင်း၊ မြန်မာလူထု၏ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများအပေါ် ဆက်လက် ထောက်ခံ အားပေးခြင်းအတွက် ဒုဝန်ကြီးနှင့် သမ္မတရုံးပြောခွင့်ရတို့က အထူး ကျေးဇူးတင်စကား ပြောဆိုခဲ့ဟု သိရသည်။
အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်၊ နိုဝင်ဘာလ ၁ ရက်နေ့တို့တွင် NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့မှ လွှတ်တော်အမတ် များ၊ မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း Parliamentary Centre တွင် အဖွဲ့ဥက္ကဋ္ဌနှင့် CEO Tom Cromier ၊ အာရှနှင့်ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ivo Balinov တို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံပွဲအတွင်း မြန်မာ့ဒီမိုကရေစီရေးအပေါ် ထောက်ခံအားပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့တွင် Parliament Hill West Block တွင် မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော်မိတ်ဆွေများ အဖွဲ့ (Parliamentary Friends of a Democratic Burma – PFODB) ၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြ သော MP Adam Chambers (ဘဏ္ဍရေးဆိုင်ရာ လွှတ်တော် Standing Committee အဖွဲ့ဝင်နှင့် နိုင်ငံအခွန်အကောက်ဆိုင်ရာ Shadow Minister)၊ MP Garnett Genuis (နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် ဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ Shadow Minister) တို့နှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးရေး PFODB ၏ လုပ်ဆောင်ချက်များ၊ NUG နှင့် မြန်မာ့နွေဦးတော်လှန်ရေးတို့အပေါ် ထိရောက်ပြီး လက်တွေ့ကျ သည့် ထောက်ခံအားပေးမှုတို့နှင့် စပ်လျဥ်း၍ ကနေဒါ လွှတ်တော်ကိုယ်စားလှယ်များက ရှင်းလင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့တွင် NUG ကို ထောက်ခံအားပေးရေး၊ လက်တွေ့ကျသော ကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့ အတွက် PFODB တွင်ပါဝင်သည့် နိုင်ငံရေးပါတီ လေးခုစလုံးတို့မှ လွှတ်တော်ကိုယ်စားလှယ် များ၏ ပူးတွဲ စာတစောင်ကို ကနေဒါအစိုးရ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း PFODB ပူးတွဲဥက္ကဋ္ဌများက အသိပေး ပြောဆိုခဲ့ပြီး Parliament Hill West Block တွင် PFODB မှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံပွဲအတွင်း ရိုဟင်ဂျာအရေးကိစ္စအပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် ဖမ်းဆီး သတ်ဖြတ်မှုများ၊ ကျူးလွန်မှုများအတွက် တာဝန်ယူမှု ရှိစေရေး၊ အရပ်သားများအပေါ် ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ လူသားစာနာမှုအကူအညီဆိုင်ရာနှင့် NUG နှင့် နွေဦးတော်လှန်ရေးတို့အပေါ် ကနေဒါနိုင်ငံ၏ ထောက်ခံအားပေးမှု စသည့်ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ သည် အထူး အားရကျေနပ်ဖွယ် ရှိကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့အနေဖြင့် ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်းနှင့် ကနေဒါအစိုးရက လက်တွေ့ကူညီထောက်ပံ့မှုများ ပေးအပ်ရေး ပန်ကြားသွား မည်ဖြစ်ကြောင်း ပြောခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် Adam Chambers, Garnett Genuis, Stephanie Kusie, Dave Epp, Shuvaloy Majumdar နှင့် Ziad Aboultaif တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကနေဒါအစိုးရ၊ မတူကွဲပြားမှု အားလုံးပါဝင်မှုနှင့် မသန်စွမ်းသူများဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး (Minister of Diversity, Inclusion & Persons with Disabilities) ၏ လွှတ်တော်အတွင်းဝန်၊ လွှတ်တော်ကိုယ်စားလှယ် Sameer Zuberi နှင့် Parliament Hill, Confederation Building ရှိ ၎င်း၏ရုံးခန်းတွင် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းတိုးတက်မှု အခြေအနေများ၊ မတူကွဲပြားမှုဆိုင်ရာ၊ ရိုဟင်ဂျာအရေး ကိစ္စ၊ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးနှင့် ကနေဒါနိုင်ငံ၏ ထောက်ခံအားပေးမှုဆိုင်ရာ စသည့်ကိစ္စရပ်များအပေါ် ကျယ်ကျယ်ပျံ့ပျံ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် Sameer Zuberi က NUG အပေါ် အခိုင်အမာ ထောက်ခံကြောင်းနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတို့ကို ပြောဆို ဆွေးနွေးခဲ့ပြီး NUG ကိုယ်စားလှယ်အဖွဲ့ဘက်မှလည်း NUG နှင့် မြန်မာလူထုအပေါ် လွှတ်တော် ကိုယ်စားလှယ် Sameer Zuberi ၏ အခိုင်အမာ ထောက်ခံမှုနှင့် အထူးစိတ်ဝင်စားမှုတို့အပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုခဲ့ပါသည်။
အထက်လွှတ်တော်အမတ်များ ဖြစ်ကြသည့် Marilou McPhedran, Kate Pateon တို့နှင့် နိုဝင်ဘာလ ၁ ရက်နေ့က အထက်လွှတ်တော် အဆောက်အဦးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ Parliamentary Centre ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Tom Cormier လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲအတွင်း မတူကွဲပြားသော လူ့အဖွဲ့အစည်းနှင့် NUG တွင် ကျယ်ပျံ့သော ပါဝင်မှုရှိရေး ဆိုင်ရာ၊ နွေဦးတော်လှန်ရေး၊ ရိုဟင်ဂျာအရေးကိစ္စ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ဖမ်းဆီး သတ်ဖြတ်မှုများနှင့် လူသားစာနာမှုအကူအညီ စသည့် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြောင်း၊ NUG တွင် ကျယ်ပျံ့သောပါဝင်မှု ရှိခြင်းနှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများအပေါ် လေးစားကြောင်း၊ ကနေဒါ အထက်လွှတ်တော် တွင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင်လည်း ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ်များက ပြောဆိုခဲ့ကြောင်း သိရသည်။


