နတ်မောက်ရှိ စိုင်ကောင်းရဲစခန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်၊ မြို့သစ်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၇
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စိုင်ကောင်းရဲစခန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းကို အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA မှ ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးကို OPRF – PLA အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေးအင်အားစုက ထောက်ခံ ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မန်ကျီးကုန်ကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် ဇော်ဇော် ဆိုသူကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။