ကော့ကရိတ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တပ်ခွဲမှူး အပါအဝင် ၃ ဦး သေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ၉၇ တပ်ရင်းနှင့် ဇိနသုခဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ တပ်ခွဲမှူး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ တပ်မ ၄၄ လက်အောက်ခံ ၉၇ တပ်ရင်း နှင့် ဇိနသုခဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဉ်များဖြင့် ၆ ကြိမ် ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၉၇ တပ်ရင်းမှ တပ်ခွဲမှူး ၊ Body guard ၁ ဦးနှင့် စစ်သား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“ခလရ ၉၇ တပ်ရင်းနဲ့ ဇိနသုခ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ တပ်မ ၄၄ လက်အောက်ခံ တပ် သား တွေကို ဗုံးကျဲချခဲ့တာ၊ ဇိနသုခနေရာမှာက တစ်ယောက်သေတယ်၊ ၉၇ တပ်ရင်းထဲကျဲချတာက တပ်ခွဲမှူးနဲ့ သူ့ရဲ့ဘော်ဒီဂတ်သေတယ်၊ လက်နက်ကြီးနဲ့ ရမ်းထုတာ အနည်းငယ်တော့ရှိတယ်၊” ဟု KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ Justice Soldier PDF drone တပ်ခွဲ၊ Shar Htoo Waw နည့်ပညာဖြင့် Kloud , Angry Bird Drone Ranger, Power of Ababil (POA) စသည့် ဒရုန်း တပ် ဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ပျားကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ပြီး ဖိုးဝှီးကားဖြင့် မြင်းခြံဘက်သို့ ပြန်လာထွတ်ခွာလာသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို နွားထိုးကြီးမြို့နယ်၊ မင်းရွာနှင့် ကူကုန်းကျေးရွာအရောက် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပျားရွာက မိန်းကလေးတစ်ယောက် ယောက်ျားလေး ၅ ယောက် အသတ်ခံထားရတယ်လို့ သိထားရ တယ်၊ ပထမတစ်ကြိမ် မနက်ခင်းမှာ မီးရှို့ပြီးတော့ ၁၀ ယောက်ကျော်လောက် ဖိုးဝှီးကားနဲ့ ပြန်လာတဲ့ အဲဒီကားကို မိုင်းဆွဲလိုက်တာ၊ ညနေခင်းပိုင်းမှာလည်း တကြိမ်ထပ်ရှို့တယ်၊ အဲဒီမှာ တိုက်ပွဲတွေဖြစ်ကြ သေးတယ်၊ ဘယ်အဖွဲ့နဲ့ ဖြစ်လဲ တော့မသိဘူး၊ ကျနော်တို့အဖွဲ့နဲ့တော့ တိုက်ပွဲမဖြစ်ဘူး၊ ကျနော်တို့ အဖွဲ့ က မိုင်းပဲ ဆွဲလိုက်တာ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် MDY-PDF ခရိုင်တပ်ရင်း -၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။