ကျောက်မဲနှင့်သီပေါတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး ကျင်သီးတံတား ပျက်စီးသွား
ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့ တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး ကျင်သီတံတားပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး ကျောက်မဲနှင့်သီပေါအကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ကျင်သီတံတားကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ပြီးနောက် ပျက်စီးသွားကြောင်း သိရှိရသည်။
” ကျောက်မဲနဲ့ သီပေါအကြား ကျင်သီတံတားပျက်စီးနေတယ်။ သီပေါဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ပဲ။ ကျောက်မဲမြို့မှာလည်း ပစ်ခတ်သံတွေ ဆူညံနေတယ်။ ကျင်သီတံတားကို အခုမနက်ပိုင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့က သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီ သိမ်းပိုက်ခံရတဲ့ နေရာကို စကစက လက်နက်ကြီး နဲ့ အခုအချိန်အထိ အဆက် မပြတ် ပစ်ခတ်နေတယ်။ ကျောက်မဲ မြို့၊ အမြောက်တပ် ၅၀၂ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် သီပေါ ကျောက်မဲလမ်း၊ ဘော်ကြို သကြားစက်နားမှစတင်၍ လမ်းပိတ်ထားကြောင်း၊ ကျောက်မဲ သီပေါသွားမရတော့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျင်သီတံတား မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
