သီပေါမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ နမ့်ခမ်းနှင့် မန်တုံ မြို့နယ်တို့ရှိ စစ်စခန်းများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် သီပေါမြို့နယ်၊ ဘော်ကြိုရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင် သီပေါမြို့နယ်၊ ဘော်ကြိုရွာအနီးရှိ ကျင်တီတံတား အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA က ထပ်မံ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်နှင့် ၃ နာရီ ၄၅ မိနစ်တို့တွင် နမ့်ခမ်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းသစ်ကုန်းနှင့် မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်အစောပိုင်းမှ ညနေမိုးချုပ်ထိ လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် ၅ ကြိမ်၊ ရော့ကတ်ဒုံးကျည် ၂၀ လုံး နှင့် လက်နက်ကြီးဖြင့် ၄၁ ကြိမ် ဂုတ်တွင်းဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၃ တပ်ကုန်း မှ နာမုံကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ေကြောင်း သိရသည်။
ထို့ပြင် သီပေါမြို့နယ်၊ ဘော်ကျိုနှင့် ကျင်တီတံတားဘက်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ကြိမ် နှင့် ကျောက်မဲ အခြေစိုက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၁၄ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်ကလည်း ယနေ့ နံနက် ၆ နာရီ ၄၆ မိနစ်မှ စတင်၍ ပန်ဟုန်၊ ပိန်ခိုင်၊ ကုန်ညောင်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၆၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းမှ ယနေ့ မွန်းလွဲ ၃ နာရီ ၁၆ မိနစ်ခန့်တွင် နမ့်တီကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ရှိ အကြမ်းဖက် စစ်တပ်ကလည်း မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန်ပန်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်ကလည်း နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကျောက်မဲမြို့နယ်၊ နောင်ပြစ်ကျေးရွာလမ်းခွဲဘက်ကို လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းကလည်း မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် ကျောက်မဲမြို့နယ်၊ ဟန်ပူရွာနှင့် ကြူရှောရွာ ဘက်ကို လက်နက်ကြီးဖြင့် ၂၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများကို လက်နက်ကြီးဖြင့် ၁၇၀ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်နှင့် ရော့ကက်ဒုံးကျည် ၂၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။