ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာအနီး တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကာ လက်နက် ၆ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာအနီး တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာ တောင်ဘက်၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကသာခရိုင် တပ်ရင်း-၄ ၊ ကသာခရိုင် တပ်ရင်း-၁ နှင့် ဗန်းမောက်မြို့နယ် ပကဖ ပူးပေါင်း အဖွဲ့က နယ်မြေ ရှင်းလင်းရေး ပြုလုပ်နေစဥ် အကြမ်းဖက် စစ်တပ်၏ တပ်မ-၇၇ လက်အောက်ခံ ခမရ-၈ မှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ စစ်ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦးနှင့် တပ်သား ၃ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ လက်နက် ၆ လက်၊ ကျည်မျိုးစုံ ၆၄၈ တောင့်၊ ဗုံး ၁၈ လုံး၊ ကျည်အိမ် ၂၁ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။