မုံးကိုးခရိုင်၊ ပန်ဆိုင်းနယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ပြီး ကိုးကန့်အလံ လွှင့်ထူ၊ ကိုးကန့်ဒေသရှိ စစ်စခန်း ၁ ခုကိုလည်း တိုက်ခိုက် သိမ်းပိုက်
■ Online လိမ်လည်မှု ကျူးလွန်သူ တရုတ်နိုင်ငံသား ၅ ဦးကို MNDAA က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေး
ရန်ကုန်၊ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်၊ မုံးကိုးခရိုင်၊ ပန်ဆိုင်းနယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ပြီး ကိုးကန့်အလံ လွှင့်ထူခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၆ မိနစ်တွင် MNDAA က လေကြောင်းပစ်ကူမှုဖြင့် မုံးကိုးခရိုင်၊ ပန်ဆိုင်းနယ်စပ်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ကာ သိမ်းယူနိုင်ခဲ့ပြီး ကိုးကန့် အလံလွှင့်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိတ်ပေါက်သည် တရုတ်ပြည် ဝမ်တင်ဂိတ်ပေါက်နှင့် ဆက်သွယ်ထားပြီး လက်ရှိချိန်တွင် ကိုးကန့် MNDAA က ချင်းရွှေဟော် ၊ မုံးကိုး အပါအဝင် နယ်စပ်ဂိတ်ပေါက် ၃ ခုနှင့် နယ်စပ် လမ်းကြောင်းများကို သိမ်းပိုက် ထားကြောင်း သိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် MNDAA က လေကြောင်းပစ်ကူမှုဖြင့် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု ၊ ရွှင်မာလင်နေရာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မုံးကိုးခရိုင်အတွင်း အွန်လိုင်း လိမ်လည်မှု လုပ်ဆောင်နေသူ ၅ ဦးကို MNDAA က ဖမ်းဆီးပြီး မုံးကိုးခရိုင် ဒုခရိုင်မှူး နှင့်အဖွဲ့မှ မုံးကိုးနယ်စပ်ဂိတ်တွင် တရုတ် မန်ရှီးနယ်စပ်ရေးရာရုံးတာဝန်ခံထံ လက်မှတ်ထိုးကာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


