28 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် နှင့်တွေ့ဆုံခြင်း အပိုင်း(၁)

Must read

“စစ်ရေးကဏ္ဍကတော့ တော်လှန်ရေးအင်အားစုတွေမှာ KIA က ဦးစီးဦး ဆောင်တဲ့ ကဏ္ဍတွေ ၊ ကာကွယ်ရေးကဏ္ဍတွေကနေ ဆောင်ရွက်နေတာပေါ့။ C3C မှာဆိုရင်လည်း KIA က ဦးစီးတဲ့ ကဏ္ဍကနေပြီး ရှိနေတဲ့ မြို့သိမ်းတိုက်ပွဲမှာကတော့ ပူးပေါင်း တိုက်ခိုက်ကြတာပဲ”

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် နှင့်တွေ့ဆုံခြင်း အပိုင်း(၁)

By ရန်ကုန်ခေတ်သစ်

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေ များလာပြီး နေ့စဉ်လို စစ်တပ်ရဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ အောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၆ ရက်‌နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိတဲ့၊ ပြည်သူ့ အုပ်ချုပ်ရေးစနစ်ကို စတင်နေပြီဖြစ်တဲ့ ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးအခြေအနေ၊ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်လဲ စတာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နဲ့ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးမေးချင်တဲ့ မေးခွန်းက စစ်ကိုင်းတိုင်းထဲမှာ ဆိုလို့ရှိရင် ကောလင်းမြို့ကို အခု သိမ်းပိုက်ရရှိထားပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို စတင်နေပြီဆိုတော့ ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ အုပ်ချုပ်ရေးပိုင်း လုပ်ဆောင်သွားမယ့် အခြေအနေကို ဦးစွာမေးချင်ပါတယ်။

ဖြေ။ ။ အခု ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ တော်လှန်ရေးအရှိန်မြှင့်တဲ့ကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေ အမြောက်အမြား ရာနဲ့ချီပြီးတော့ အခုချိန်ဆို ၂၀၀ နီးပါးရှိနေပြီပေါ့။ နောက်ပြီးတော့ မြို့သိမ်းတပ်ဖွဲ့တွေလည်း ဆင်နွှဲတယ်၊ ကောလင်းမြို့ဟာဆိုရင် ပထမဆုံး ခရိုင်အဆင့်ရှိတဲ့ မြို့တစ်မြို့ကို ကျွန်တော်တို့ အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်။

ဒီတိုက်ခိုက်သိမ်းပိုက်ပြီး လွတ်မြောက်ပြီးတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို စတင်ဆောင်ရွက်တယ်။ အခုအခါ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းအနေနဲ့ ညှိနှိုင်း ဆောင်ရွက်တယ်။ အခုအချိန်ကတော့ တော်လှန်ရေးကာလအချိန် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ကတော့ ဒီတော်လှန်ရေးကာလမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တယ်။

အထူးသဖြင့်တော့ မြို့ခံပြည်သူတွေ အဆင်ပြေဖို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ရှောင်တွေလည်း အဆင်ပြေအောင် အစရှိတဲ့ လျှပ်စစ်မီးက အစ ရေ ၊ ပုံမှန်လုပ်ငန်းတွေ လည်ပတ်နိုင်အောင် အခက် အခဲတွေ ကြားထဲက လုပ်နေပါတယ်။ ဆရာမတို့လည်း တွေ့ပါလိမ့်မယ်။

ကျနော်တို့ MOPFI ကနေပြီးတော့လည်း ဒီ ဘဏ်မှာအပ်နှံထားတဲ့ဟာတွေ စနစ်တကျတာဝန်ယူ လုပ်ကိုင်ထားတဲ့ ကြားကာလအစီအစဉ်တွေ ဆောင်ရွက်နေတာလည်း တွေ့ပါလိမ့်မယ်။ ခြုံပြီးပြောရရင် ကျွန်တော်တို့တွေ အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေ၊ ဘဏ္ဍာရေးကဏ္ဍ‌တွေ အဘက်ဘက်ကနေ စနစ်တကျဖြစ်အောင် ကျွန်တော်တို့တွေ အချိန်တိုတိုတွင်းမှာ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတယ်။

အခု မြို့မှာဆိုရင် အခုဆိုရင် ပြန်စည်ကားပြီးတော့ ဈေးတွေ ဘာတွေ ဆိုလည်း ပုံမှန်လို သွားလာ လုပ်ကိုင်နေကြတာ။ ဒီလိုမျိုး ပုံမှန်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ကောလင်းကို KIA / PDF တွေ ပူးပေါင်းတိုက်ခိုက်တာဆိုတော့ အခု ဆရာတို့ ဖွဲ့ထားတဲ့ အဖွဲ့ရဲ့ ဖွဲ့စည်းပုံကရော ဘယ်လိုပုံစံမျိုး ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့ စစ်ရေးကဏ္ဍမှာတော့ အမှတ် ၁ စစ်ဌာန စစ်ဒေသက C3Cအောက်မှာ ရှိတာပေါ့။ C3C မှာဆိုရင်လည်း KIA က ဦးစီးတဲ့ ကဏ္ဍကနေပြီး ရှိနေတဲ့ မြို့သိမ်းတိုက်ပွဲမှာကတော့ ပူးပေါင်း တိုက်ခိုက်ကြတာပဲ။ C3C ရဲ့‌ အောက်မှာ စစ်ဒေသရဲ့ စီမံခန့်ခွဲမှုနဲ့ ကျွန်တော်တို့တွေ စနစ်တကျနဲ့ တညီတညွတ်တည်း ဒီ Chain of Command ကို လိုက်နာပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီ မြို့သိမ်းတိုက်ပွဲကို အောင်အောင်မြင်မြင်ဆင်နွှဲနိုင်ခဲ့တယ်ပေါ့နော်။ ဒီတစ်မြို့တည်းမဟုတ်ပါဘူး၊

တခြားမြို့တွေမှာလည်း အဲဒီလိုပဲ မြို့တွေ စခန်းတွေ ဗျူဟာစခန်းတွေ၊ ဗျူဟာကုန်းတွေ သိမ်းတဲ့နေရာမှာလည်း အဲဒီလိုမျိုး အမိန့်ပေး Command System ကောင်းကောင်းမွန်မွန် ပူးတွဲဆောင်ရွက်နိုင်တာပေါ့။ ဒီမှာတော့ ကျွန်တော့်အနေနဲ့ ပြောနိုင်တာက အခု မြို့မှာ ဒီ အုပ်ချုပ်ရေးက ကျနော်တို့ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးအစီအမံအတိုင်း ကျွန်တော်တို့တွေ စီမံဆောင်ရွက်နေတယ်။

ပုံမှန်အစည်းအဝေးတွေလည်း ခရိုင်အဆင့် တိုင်းအဆင့် ဗဟိုအဆင့်အားလုံးက အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်နေပါတယ်။ ဒီဟာဆိုရင်လည်း ကျွန်တော်တို့ သွားချင်တဲ့လမ်းက အဓိကကတော့ တော်လှန်ရေးကာလပြီးတဲ့အချိန်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော် သစ်ကို တည်ဆောက်ဖို့အတွက်။

အခုအချိန်ကတော့ တော်လှန်ရးကာလဖြစ်တဲ့အတွက်ကြောင့် အကောင်းဆုံးနဲ့ ပြည်သူတွေရဲ့ မြို့ခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ဖို့အတွက်။ ဒါပေမဲ့လည်း ဒီ ဖက်ဒရယ် ဒီမိုကရေစီစနစ်ရဲ့ လမ်းကြောင်းပေါ်ကို ရောက်တဲ့ အခြေခံကျတဲ့ စံနှုန်းတွေအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားပြီးဆောင်ရွက်နေတယ်ဆိုတာ ပြောကြားချင်ပါတယ် ခင်ဗျာ။

မေး။ ။ ကောလင်းမှာ မြို့နေလူထုဝင်ထွက်သွားလာမှုဟာ ပုံမှန် အနေအထားရဲ့ ၈၀ ရာခိုင်နှုန်းရှိနေပြီဆိုပြီး NUG က ထုတ်ပြန်ထားတာတွေ့ရတော့ မြို့ရဲ့ လုံခြုံရေးကိုရော ဘယ်လိုစီမံထားတာမျိုး ရှိသလဲရှင့်။ဆိုလိုတာက လူထုကြားထဲမှာလည်း လူတွေ ကြားထဲမှာလည်း စကစကို ထောက်ခံသူလည်း ရှိကောင်းရှိနိုင်သေးတော့ ဒီလူတွေကနေ တစ်ဆင့် လုံခြုံရေးပိုင်း ကျိုးပေါက်မှုရော ရှိနိုင်သေးလား။ ဒီလိုအပိုင်းကို ဘယ်လိုမျိုး စီမံထားသလဲ။ အဲဒီအပိုင်းကိုလည်း ရှင်းပြပေးလို့ရရင် ပေးပါဦးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ စစ်ရေးကဏ္ဍကတော့ တော်လှန်ရေးအင်အားစုတွေ ခုန ဆရာမလည်း ပြောတဲ့ KIA ဦးစီးဦးဆောင်တဲ့ ကဏ္ဍတွေ နောက် အဲဒါတော့ လုံခြုံရေးအတွက် စစ်ရေးအတွက် လုံခြုံရေးကတော့ ကာကွယ်ရေးကဏ္ဍတွေကနေ ဆောင်ရွက်နေတာပေါ့နော်။ ကောလင်းကို သိမ်းပြီးတော့လည်း သူတို့ ပြန်ရဖို့ စစ်ကြောင်းထိုးဖို့ ကြိုးစားတာလည်း သတင်းဌာနတွေမှာလည်း တွေ့ရပါလိမ့်မယ်။

အဲဒီဟာကို ကျွန်တော်တို့ ကာကွယ်ရေးကဏ္ဍကနေပြီးတော့ ဒီ တုံ့ပြန်ချေမှုန်းနိုင်တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်တွေ အမြောက်အမြားသေကျေပြီးတော့ ဆုတ်ခွာသွားရတဲ့အနေအထားရှိတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိဘူး။ တော်လှန်ရေး သတိရှိရမယ်။ ခုနဆရာမ ပြောသလိုပဲ မြို့ထဲမှာဆိုရင်လည်း မြို့ခံလူတွေ ကြားထဲမှာ အမျိုးမျိုးတော့ ရှိနိုင်တယ်။ ဒ

ါကြောင့် ကျွန်တော် ခုန ပြောသလို တရားဥပဒေ စိုးမိုးရေးအတွက်လည်း ဆောင်ရွက်နေတာပဲဆိုတာ ။ နောက် အခုအချိန်မှာ ရဲတပ်ဖွဲ့ဆိုတာ ရှိလာပြီ။ နောက်တရားဥပဒေစိုးမိုးရေးဆိုတာ ဆောင်ရွက်ရမယ်။ အဲဒီအချိန်မှာလည်း ပြည်သူတွေထဲက ပြည်သူတွေပဲ။ အားလုံးပြည်သူတွေပဲ။ တိုင်းရင်းသားပြည်သူလူထုနဲ့တစ်ဆက်တည်း ရှိဖို့အတွက် တခြားပြည်သူလူထုတွေ ရှိဖို့အတွက် ကျွန်တော်တို့တွေ ကြိုးစားဆောင်ရွက်ရမယ်။

ဒါပေမဲ့ တရားဥပဒေကို ချိုးဖောက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးတာတို့ ဘာတို့ ဆိုတာ ကျွန်တော်တို့ တရားဥပဒေအရ အရေးယူဆောင်ရွက်ရဖို့ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့လည်း တရားဥပဒေ စိုးမိုးရေးလုပ်နေတယ်။ ပြည်သူတွေ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ ပြည်သူတွေရဲ့ တော်လှန်ရေး။ ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြို့လုံခြုံရေး မြို့သာယာရေးကိုလည်း ပိုပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုတာ ပြောကြားချင်ပါတယ် ခင်ဗျာ။

မေး။ ။ ကောလင်းမြို့ကို သိမ်းပြီးတဲ့နော်မှာ ကြားကာလအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့ထားတယ်ပေါ့နော်။ ဆိုတော့ နဂိုကလည်း ဒီမြို့တွေ မြို့တွေမှာ ရပ်ကျေးအဆင့်က စလို့ အုပ်ချုပ်ရေးအဆင့်တွေ ရှိနေပြီးသားဖြစ်တော့ ဒီလူတွေ အပိုင်းကိုရော NUG က ဘယ်လို စီမံထားလဲ။ သူတို့က ဆက်လက်ပြီး မြို့ရဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ အောက်ခြေအဆင့်တွေမှာ ပါဝင်သလား။ ဒါမျိုးတွေရော ဘယ်လိုစီမံထားလဲရှင့်။ ပြီးတဲ့အခါကျတော့ ကောလင်းဟာ ခရိုင်အဆင့်မြို့ဖြစ်တော့ အစိုးရရုံးဌာနတွေလည်း ရှိနေတယ်။ အဲဒီအပိုင်းတွေကိုရော ဘယ်လိုမျိုး စီမံထားပါသလဲရှင့်။

ဖြေ။ ။ အခု ကျွန်တော် ခုနပြောသလို ကျွန်တော်တို့မှာ ကောလင်းမသိမ်းခင်ကတည်းက ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးကော်မတီရှိတယ်။ အဲဒီမှာ လမ်းညွှန်ချက်တွေ ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ နောက်ဝန်ကြီးဌာနတွေ ဗဟိုဘက်ကဆိုရင်လည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်တာ နောက် ပြည်ထဲရေးဝန်ကြီးဌာနလိုမျိုး ၊ နောက်ကာကွယ်ရေး ဝန်ကြီးဌာနက ကျတော့ ကာကွယ်ရေးကို မဟာမိတ်တွေနဲ့ ပူးတွဲဆောင်ရွက်နေတာ ရှိတယ်။

နောက်ပြီးတော့ ဘဏ္ဍာရေးကဏ္ဍဆိုရင်လည်း ကျွန်တော်တို့ MOPFI က လမ်းညွှန်ချက်တွေ ရှိတယ်။ အခုဆို ကောလင်းက ခရိုင်မြို့ဖြစ်တဲ့အတွက်ကြောင့် ဘဏ်မှာ ဆိုလည်း ဘဏ်ကြီးတွေ ဘဏ်ခွဲတွေ ရှိမယ်။ အဲဒါတွေကို စနစ်တကျဖြစ်အောင်လို့ ဘဏ္ဍာရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ယူပြီးလုပ်မယ့် လူတွေ ရှိမယ်။ အဲဒီတော့ ခြုံပြီးပြောရရင်တော့ အခုကတော့ ကြားကာလဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဖြစ်ချင်တဲ့ အခြေအနေအကုန်လုံးမရောက်သေးပေမယ့် ခုနပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ဖို့အတွက်မှာ အထောက်အကူပြုမယ့် စနစ်တစ်ခု အခြေခံတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ် လုပ်နေတယ်။ ပြီးတော့ အားလုံးကလည်း ပူးတွဲပြီး ဆောင်ရွက်နေတယ်။

နောက်ပြီးတော့ ခုနတုန်းက ဝန်ထမ်းတွေ ရှိမယ်။ ကောလင်းမှာဆိုလို့ရှိရင် CDM ဝန်ထမ်းတွေလည်း ရှိမယ်။ CDM ဝန်ထမ်းတွေကို နေရာပြန်ချထားတာရှိမယ်။ Non CDM တွေလည်း ရှိမှာပဲ။ အဲဒါကို ပြန်လည် စိစစ်တာတွေရှိတယ်။ ဒါကတော့ လုပ်ရမယ့် အလုပ်တွေက မနက်ဖြန် သဘက်နဲ့ မပြီးသွားဘူးပေါ့။ ကျွန်တော်တို့ ၂ ပတ်တောင် မရှိသေးဘူး။ ဒီကြားထဲမှာ ဒီလောက် ခုန ဆရာမ ပြောသလို ၈၀ ရာခိုင်နှုန်း နီးပါးခန့် ပုံမှန်လည်ပတ်နိုင်အောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့မှာ ဒီ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်တဲ့ လူတွေရော အဓိကကတော့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကပါ။ ဒါကြောင့်လည်း အောင်မြင်တာ။

ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကြားထဲက လုပ်ရတာ ဖြစ်တယ်။ နောက်တစ်ခု ကျွန်တော်တို့တွေ သိမ်းပိုက်ပြီးတဲ့အခါမှာ စိစစ်ပြီးတော့ တရားဥပဒေအတိုင်း မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး၊ အဲဒါမျိုးတွေကလည်း စနစ်တကျ ကိုယ်လွှတ်ချင်တိုင်း လွှတ်လို့ရတာ မဟုတ်ဘူး။ စနစ်တကျနဲ့ စစ်ဆေးမယ်။ အတည်ပြုချက်ယူမယ်၊ ခွင့်ပြုချက်ယူပြီးမှ လုပ်ရမယ့် ကိစ္စတွေ ရှိမယ်။

အကြမ်းဖက်စစ်ကောင်စီလိုမျိုး ပရမ်းပတာ အုပ်ချုပ်တာကို အတတ်နိုင်ဆုံး စနစ်တကျအုပ်ချုပ်တာ ဖြစ်အောင် လုပ်နေတယ်။ ဒီ အစိုးရ ဌာန အင်္ဂလိပ်လိုပြောရင် Civil Servant အဲဒါတွေ ပြန်ပြီးတော့ စနစ်တကျ ပြန်ဖြစ်အောင်ရယ် စတင်လုပ်ကိုင်တဲ့ ကျွန်တော်တို့ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေတယ်ဆိုတာ ပြောကြားချင်ပါတယ် ခင်ဗျာ။

မေး။ ။ ကောလင်းဟာဆိုရင် ကောလင်းခရိုင် အဆင့်ဖြစ်တယ်။ အခု တော်လှန်ရေးကာလ ၃ နှစ်ပြည့်ခါနီးလောက် အချိန်မှာ ဒီ တော်လှန်ရေးရဲံ အောင်မြင်မှုကြီး တစ်ခုအနေနဲ့ ပြည်သူတွေဘက်ကနေ အသာစီးရလိုက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်နယ်မြေပုံစံမျိုး စဖြစ်လာတာဆိုတော့ ဆရာတို့ဆီမှာ ဒါနဲ့ ပတ်သက်ပြီးတော့ ခုနလို ဆရာပြောသလို စတင်လုပ်ဆောင်နေတဲ့ အပိုင်းတွေ ၊ အချိန်ကာလလည်း နည်းတဲ့အပိုင်းတွေ နားလည်မှုရှိတယ်ဆိုပေမယ့် ကျွန်မခုနပြောသလို ဆရာပြောသလိုမျိုး Non CDM ကိစ္စကိုလည်း စီစဉ်သွားမှာတွေ ရှိတယ်ဆိုတော့ ဒီလိုအပိုင်းတွေပေါ့နော်။ Non CDM တွေ ရှိမယ်၊ ပျူစောထီးတွေလည်း ရှိနိုင်တယ်။ ဒီလိုမျိုး စကစ ဘက်ကနေ နေခဲ့တဲ့ ရပ်တည်ခဲ့တဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ကောလင်းက ပထမဆုံးမြို့ဖြစ်နေတော့ ဘယ်လိုတိကျတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ စီမံသွားဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ ခုနပြောတဲ့ Non CDM ဆိုတာလည်း ဝန်ထမ်းတွေပဲပေါ့။ တစ်ချိန်တုန်းက ဒီမိုကရေစီ အစိုးရအပေါ်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ နောက်ပြီးတော့ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့ လုတဲ့ အချိန် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်တို့တွေ ပြည်သူနဲ့အတူတူ CDM Movement ဆိုတာက နွေဦးတော်လှန်ရေးရဲ့‌ ထောက်တိုင်ကြီးတစ်ခုပေါ့။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီးတော့ အာဏာသိမ်းတဲ့ဟာကို ဆန့်ကျင်ခဲ့တဲ့ သူရဲကောင်းတွေ။

ဒါပေမဲ့ အဲဒီအချိန်မှာတော့ Non CDM က အတော်နည်းပါတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့အခါမှာ တချို့တွေက Non CDM ဖြစ်သွားတာ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှိတယ်။ စားဝတ်နေရေးဖြစ်ကောင်းဖြစ်မယ်၊ လုံခြုံရေးအရ ဖြစ်ကောင်းဖြစ်မယ်။ ဖိအားတွေ အမျိုးမျိုးကြောင့် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက CDM ပဲ ဖြစ်‌ဖြစ် Non CDM ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုပဲ ။ ပြည်သူပြည်သားတွေပဲ သူတို့ ဥပဒေအတိုင်းကို ဥပဒေအတိုင်းနေတယ်၊ ပြည်သူလူထုကို သစ္စာမဖောက်ဘူးဆိုရင် ကြောက်လန့်စရာ ဘာမှ မရှိဘူး။ ဒါတွေ အားလုံးကို ခုနတုန်းက ပြောသလို ပြန်လည်စိစစ်ဖို့ဆိုတာလည်း အချိန်တစ်ခု ယူရမယ်။ အဲဒါကို စနစ်တကျဖြစ်အောင်။ နောက် တရားဥပဒေအရ အရေးယူရမယ်ဆိုရင် ပျူစောထီးတွေ ရှိမယ်။

ပျူတွေကျတော့ ပြည်သူလူထုကို လက်နက်ကိုင်ပြီးတော့ နှိပ်စက်တာ ။ အကြမ်းဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ်လုပ်ခဲ့တဲ့ လူတွေ။ သူတို့ လူသတ်မှု ကျူးလွန်ကောင်း ကျူးလွန်ခဲ့မယ်။ အဲဒါမျိုးတွေဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တရားဥပဒေအရ အရေးယူရမယ်။ သူတို့အနေနဲ့ ပြည်သူတွေကို သစ္စာမဖောက်သရွေ့၊ တရားဥပဒေကို မချိုးဖောက်သရွေ့ကတော့ ကျွန်တော်တို့အနေနဲ့တော့ ပြည်သူပြည်သားတွေ အကုန်လုံး ဒီစစ်အာဏာရှင်ကို အမြစ်ပြုတ်အောင် တိုက်ရမှာပေါ့။ CDM သူရဲကောင်းတွေကတော့ သူတို့နဲ့ သက်ဆိုင်တဲ့ အလုပ်တွေ၊ သူတို့နဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ သူတို့ သက်ဆိုင်တဲ့ အဆင့်တွေ ရဖို့အတွက်ကို ကျွန်တော်တို့တွေ တာဝန်ယူပြီးလုပ်သွားမယ်။ ဒါကတော့ ၁၀၀ ရာခိုင်နှုန်း ပါ။ အဲဒါမျိုးတွေ ရှိမယ်။

အခုချိန်မှာကျတော့ တစ်ခါ ၊ လုံခြုံရေးကလည်း 100% စိတ်ချရတဲ့ အနေအထားမရှိသေးဘူး။ လုံခြုံရေးကိုလည်း အဓိကထားပြီး လုပ်နေရတာတွေ ရှိတယ်။ နောက်ပြီးတော့ ကြီးကြပ်ကွပ်ကဲနေရတဲ့ ခေါင်းဆောင်တွေ ဆိုရင်လည်း ဒီ ကောလင်းတစ်မြို့တင်မကဘူး။ တစ်နိုင်ငံလုံးလွတ်မြောက်အောင် လုပ်ရမှာ ဆိုတဲ့အခါကျတော့ လုပ်ရမယ့် ကဏ္ဍတွေ အများကြီးရှိမယ်ဆိုတော့ အဲဒါတွေ Balance ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လုပ်နေတယ်ဆိုတာ ပြောချင်ပါတယ်။

မေး။ ။ ကျွန်မတို့ရဲ့ နွေဦးတော်လှန်ရေးရဲ့ အစမှာ CDM သူရဲကောင်းတွေ အများကြီးရှိတော့ အခုလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နေရာတွေ ရှိလာပြီဆိုတော့ CDM ရဲ့ အခန်းကဏ္ဍတွေ Non CDM တွေရဲ့ အခန်းကဏ္ဍတွေ အဲဒီအပိုင်းတွေကို NUG အစိုးရအနေနဲ့ တာဝန်ပြန်ပေးမှုအပိုင်း CDM တွေ ပြန်လာမှု အပိုင်း ဒါမျိုးတွေ ရှိမယ်ဆရာ။ အဲဒီလိုဟာမျိုးတွေမှာ ဆရာတို့တိကျတဲ့ သတင်းစကားမျိုး အဲဒါမျိုးကို ပေးလို့ရမလားရှင့်။ ပြည်သူတွေ နားလည်အောင်လို့ပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော် ခုနတုန်းကလည်း ပြောပြီးပြီပေါ့နော်။ CDM ဝန်ထမ်းတွေကတော့ သူရဲကောင်းတွေ။ CDM တွေ ကျွန်တော်တို့ အခု လွတ်မြောက်တဲ့ နေရာတွေ များလာတာနဲ့ အမျှ CDM တွေရဲ့ တာဝန်ဝတ္တရား သူတို့ အလုပ်တွေ သူတို့ ပြန်လုပ်နိုင်ဖို့အတွက် ဦးစားပေးပြီး လုပ်မယ်။ ဒါပေမဲ့ CDM ဆိုတဲ့ နေရာမှာ သူတို့ အလုပ်မလုပ်တာ မဟုတ်ဘူးနော်။ CDM တွေ အမြောက်အမြားက တော်လှန်ရေးထဲမှာ NUG အစိုးရရဲ့အောက်မှာ သူတို့ရဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေမှာ သူတို့ လုပ်ကိုင်နေကြတယ်။

တာဝန်ယူပြီး လုပ်ကိုင်နေကြတာ သိန်းနဲ့ချီပြီး ရှိပါတယ်။ ဥပမာ ကောလင်းက CDM က တခြားနေရာမှာ လုပ်နေတာတွေ ရှိရင် ရှိမယ်။ အွန်လိုင်းကနေပြီးတော့ တာဝန်တွေ ထမ်းဆောင်နေတာတွေ ရှိချင်ရှိမယ်။ ကောလင်းမှာ သူ့ရဲ့ မိခင်ဌာနကို ပြန်လည်ပြီး အလုပ်လုပ်ဖို့အတွက် ဆန္ဒရှိတယ်ဆိုရင် အဲဒါမျိုး ဥပမာပေးတာပါ။ ကိုယ့်မိခင်ဌာနမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ တာဝန် ဝတ္တရားတွေကို ထိုက်သင်သလို ဆောင်ရွက်ဖို့ တာဝန်ပေးလိုပါတယ်။ ဒါကတော့ CDM တွေအတွက်။

နောက် Non CDM တွေမှာ ဘယ်လို တာဝန်ပေးမယ်၊ တာဝန်ယူမလဲဆိုတဲ့ဟာကတော့ ကျွန်တော်တို့တွေ အခု လုပ်ထုံးလုပ်နည်း။ ကျွန်တော်ကတော့ Detail တော့ မပြောချင်ဘူး။ ပြောလည်း မပြောနိုင်သေးလို့ပေါ့နော်။ စနစ်တကျ ကျွန်တော်တို့မှာ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ ကျွန်တော် ပြောနိုင်တာကတော့ တရားဥပဒေကို မချိုးဖောက်သရွေ့ ပြည်သူလူထုကို သစ္စာမဖောက်သရွေ့ကတော့ စိုးရိမ်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုကို သစ္စာဖောက်တဲ့ လူသာ စိုးရိမ်စရာရှိတာ။ အဲဒါမျိုးတွေ ရှိတယ်။ ဒါပေမဲ့ လုပ်ရမယ့် အပိုင်းကတော့ အတော် သိမ်မွေ့ပါတယ်။ နက်နဲပါတယ်။ အားလုံးသူက ပြည်သူထဲက ပြည်သူတွေချည်းပဲ ပေါ့နော်။ ဒါပေမဲ့ ပြည်သူ့ကို သစ္စာဖောက်တဲ့ နိုင်ငံသားရှိကောင်းရှိမယ်။ အဲဒီလူတွေကတော့ တရားဥပဒေအတိုင်း အရေးယူတာတွေ ရှိမယ်။

ပျူစောထီးလိုမျိုး လူသတ်လာတာ၊ ပြည်သူတွေ အနိုင်ကျင့်လာတာ၊ ဓားပြတိုက်လာတာ ၊ လုယက်လာတာ အဲဒါမျိုးတွေကျတော့လည်း တရားဥပဒေအရ ကျွန်တော်တို့ လုပ်ရမယ်။ ဒါလည်း တရားဥပဒေ စိုးမိုးရေးကဏ္ဍပိုင်းမှာ ပါတယ်။ တရားဥပဒေစိုးမိုးရေးကဏ္ဍပိုင်းမှာကျတော့လည်း လုပ်ကိုင်ရမယ့် အလုပ်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ အစီအမံတွေနဲ့ လုပ်ကိုင်နေတယ်။ ဒါကတော့ ဒီ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ဒီ အစပိုင်း အခုလိုမျိုး အောင်အောင်မြင်မြင်နဲ့ ဖြစ်တဲ့အခါ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုက အများကြီး အရေးကြီးတယ် ဒါကြောင့်လည်း အောင်မြင်နေတယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။

မေး။ ။ ကောလင်းဘက်ကို မေးပြီးပြီဆိုတော့ ခမ်းပတ်ဘက်ကို မေးချင်ပါတယ်။ ခမ်းပတ်ရဲ့ အုပ်ချုပ်ရေးပိုင်းကိုရော ဘယ်လို စီမံထားလဲရှင့်။ လက်ရှိမှာ ခမ်းပက်က အောင်ပွဲတွေ ရရှိနေတာဆိုတော့ အဲဒီအပိုင်းကိုရော ဆရာ့အနေနဲ့ ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ ရှေ့မှာလည်း ကျွန်တော် ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ တည်ဆောက်မှာက စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်မှာ။ အဲဒီအတွက်ကို ကျွန်တော်တို့ရဲ့ နိုင်ငံရေး လမ်းပြမြေပုံမှာ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ ရှိပါတယ်။ အဲဒီအောက်ကနေပြီး လုပ်နေတယ်။ အခုလိုမျိုး တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း သူတို့ရဲ့ ဖက်ဒရယ် ယူနစ်တွေ ၊ တော်လှန်ရေးပြီးတဲ့နောက်မှာ ဖက်ဒရယ် ယူနစ်တွေ ပေါ်လာမှာပေါ့နော်။

အဲဒီအတွက်လည်း အစီအမံ။ အဲဒီအခါကျတော့ ကြားကာလကနေပြီးတော့ transitional government ဖြစ်သွားမယ်။ ဒီအခုကာလမှာ အဲဒီကာလအတွက်ကို ကျွန်တော်တို့က အခြေခံဖြစ်တယ်။ ဥပမာဆိုရင် ကျွန်တော် ခမ်းပတ်မပြောခင်မှာ ဥပမာလေးပေးချင်တာက ကရင်နီပြည်နယ်မှာ ကျွန်တော်တို့ IEC ဖွဲ့တယ်။ ကြားကာလအတွက်ကို ကရင်နီပြည်နယ်တွေမှာ လွတ်မြောက်နယ်မြေတွေမှာ အုပ်ချုပ်ရေးကဏ္ဍ၊ ကဏ္ဍပေါင်းစုံဆောင်ရွက်ဖို့အတွက် လုပ်တယ်။

ဒါက Bottom up Federal ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်တာ။ အဲဒီဟာက ကိုယ့်နယ်မြေကို ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတာ။ ကိုယ့်နယ်မြေမှာ ကိုယ့်ပြည်နယ်မှာ ဗဟိုအစိုးရဲ့ ကဏ္ဍရှိလာတယ်။ အဲဒီမှာဆိုလည်း ဆရာမတို့ မှတ်မိမှာပဲ။ IEC ဖွင့်တဲ့အခမ်းအနားမှာ ယာယီသမ္မတကြီးကိုယ်တိုင် မိန့်ခွန်းပြောပြီးတော့ ဝမ်းသာတယ်၊ ကြိုဆိုတယ်ဆိုတဲ့ဟာတွေက ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ဖို့ အတွက် လမ်းစတစ်ခု Foundation တစ်ခု တည်ဆောက်တာ။

အခု ခမ်းပတ်ကဆိုရင် ချင်းပြည်နယ်ဘက်မှာ ရှိတာ။ တိုင်းရင်းသားအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်တာ ။ ပြီးတဲ့အခါ ချင်းပြည်နယ်မှာ ဆိုရင်လည်း ကြားကာလအစီအစဉ် တည်ဆောက်ဖို့အတွက် ကြိုးစားနေတဲ့ ဟာတွေ ရှိတယ်။ ဒါပေမဲ့ အခု သိမ်းပိုက်ပြီးတဲ့ မြို့ကို အုပ်ချုပ်ဖို့အတွက်ကျတော့ အဲဒီမှာ ဒေသမှာရှိတဲ့ ဒေသခံတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်မယ်။ အားလုံးကတော့ ဖက်ဒရယ် ဒီမိုကရေစီချာတာကို အခြေခံတဲ့ဟာ ဖြစ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့တွေ အားလုံးက ဝမ်းသာကြိုဆိုပြီးတော့ အားလုံးအတူပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။

မေး ။ ကရင်ပြည်နယ် ပဲခူးတိုင်း တနင်္သာရီတိုင်း စစ်ကိုင်းတိုင်း ပေါ့။ အဲဒီတိုင်းတွေမှာ ရှိတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်း ထူထောင်နိုင်မှု အခြေအနေရော ကျွန်မတို့ သိလို့ ရနိုင်မလား ။ ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ တရားစီရင်ရေးကဏ္ဍမှာ ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ပြည်နယ်တွေကနေပြီးတော့ ပြည်နယ်တောင်မှ အမျိုးမျိုးခေါ်ကြတာရှိတယ်။ အမေရိကားမှာဆိုလို့ရှိရင် ဒါလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတာပဲ။ ပြည်နယ်လို့ သုံးတာရှိတယ်။ နောက်ပြီးတော့ သူတို့ State ပေါ့ အင်္ဂလိပ်လို။

ကနေဒါလို တိုင်းပြည်မျိုးကျတော့ State လို့ မသုံးဘဲနဲ့ Province လို့ သုံးတယ်။ ဆိုတော့ အမျိုးမျိုးရှိကြတယ်ပေါ့။ အဲဒီမှာ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်တွေမှာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ အတိုင်း ၊ အဓိကကတော့ ကျန်းမာရေးတို့ ။ ဘယ်နိုင်ငံမဆို ကြည့်လိုက်ရင် အခြေခံကျတဲ့ ကျန်းမာရေးတို့ ပညာရေးတို့ တရားစီရင်ရေးတို့ကျတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ် လုပ်ကြကိုင်ကြတယ်။ ဒါပေမဲ့ ဗဟိုရဲ့ ဘောင်ထဲမှာ တညီတညွတ်တည်းဖြစ်အောင် တရားမျှတမှုဖြစ်အောင် ။ နောက်ပြီးတော့ ပြည်နယ် ရှိမယ်၊ ဗဟိုရှိမယ်။ နောက်ပြီးတော့ ဗဟိုတရားရုံးရှိတယ်ဆိုတဲ့ အဆင့်တွေ ရှိမယ်ပေါ့နော်။

အခု ကျွန်တော်တို့ NUG အစိုးရမှာလည်း အဲဒီဟာကို ဖက်ဒရယ်ဒီမိုကရေစီ ချာတာအရ ပြည်နယ်မှာရှိတဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးဌာနတွေမှာ ပြည်နယ်ကနေပြီး ဆောင်ရွက်သွားမယ်။ အဲဒီမှာ ကရင်နီပြည်နယ်မှာဆိုရင် ခုနလို ကျွန်တော် ပြောတဲ့ IEC ရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ကိုင်သွားမှာတွေ ရှိတယ်။ ကရင်ပြည်နယ်ထဲမှာဆိုရင်လည်း လွတ်မြောက်နယ်မြေ ဟိုးအရင်ကတည်းက နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက ကရင် Freedom Fighter တွေ ထိန်းချုပ်တဲ့ နယ်မြေတွေရှိတယ်။ အဲဒီမှာ တရားစီရင်ရေး ကဏ္ဍတွေကို ဆောင်ရွက်နေတယ်။

ဒါက ဖက်ဒရယ် ဒီမိုကရေစီ ချာတာအထဲမှာ ဖြစ်တယ်။ ပြီးတဲ့အခါ စစ်ကိုင်း တိုင်းထဲမှာဆိုရင် အခုမှ နွေဦးတော်လှန်ရေး PDF တွေနဲ့ PDF တွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုနဲ့ လွတ်မြောက်သွားတဲ့နေရာတွေ၊ NUG ရဲ့ MOD အောက်မှာ ထိန်းချုပ်နယ်မြေတွေရှိတဲ့ အဲဒီနေရာတွေမှာ တရားရုံးတွေ ရှိတယ်။ ကျွန်တော်တို့ MOJ- Ministry of Justice ‌အောက်က တရားရုံးတွေ ရှိတယ်။ ကျွန်တော်အတိအကျတော့ မမှတ်မိတော့ဘူး။

ကျွန်တော့် အထင် ၃၀ ကျော်လို့ ထင်တယ်။ မြို့နယ်ပေါင်း ၃၀ ကျော်မှာ တရားရုံးတွေ ဖွဲ့တယ်။ တရားသူကြီးတွေ သင်တန်းပေးတယ်။ ဥပဒေအရာရှိတွေ ခန့်အပ်တယ်။ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ တရားစီရင်ရေးဖြစ်အောင်။ ခုနတုန်းက ကျွန်တော်ပြောသလို အခုအချိန်က တော်လှန်ရေးအချိန်ဖြစ်တဲ့အခါကျတော့ အားလုံးကတော့ စနစ်တကျအကုန်လုံး ၁၀၀ ရာခိုင်နှုန်း စနစ်တကျဖြစ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ မူအားဖြင့်တော့ အားလုံး ဒီလမ်းကြောင်းက သွားနေတယ် ဆိုတော့ အဲဒါလေးတော့ ကျွန်တော် ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article