ရေဦးမြို့နယ်၊ အောင်သာယာရွာ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိကြောင်း 96 Soliders အညာဒေသတပ်ခွဲမှ ကိုဇေယျာလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရေဦးမြို့နယ်၊ အောင်သာယာရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ် ဘန်ကာများနှင့် အဓိကစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်း တိုက် ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား ၁ ဦး ၊ ပျူစောထီး ၆ ဦး စုစုပေါင်း ၇ ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
“လက်နက်တော့ မရခဲ့ဘူးဗျ၊ ခဲယမ်းနည်းနည်းတော့ ရခဲ့တယ်။ ကျွန်တော့်တပ်ဖွဲ့က စိုးရိမ်ဒဏ်ရာရတဲ့ ရဲ ဘော်က အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားတော့ ကျော်လွန်ခဲ့ပါပြီ၊ ဒါပေမယ့် ဂရုတော့ စိုက်ရ အုံးမယ်” ဟု 96 Soliders အညာဒေသတပ်ခွဲမှ ကိုဇေယျာလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စခန်းသိမ်းပိုက်နိုင်ခဲ့သော်လည်း ရေဦးမြို့ဘက်မှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခြင်း၊ စစ်ကူကားများ ရောက်ရှိလာခြင်းနှင့် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်နေခြင်းတို့ကြောင့် အပြီးသတ်စခန်းသိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို 96 soldiers အညာဒေသတပ်ခွဲ ၊ PLA အဖွဲ့၊ BNRA အဖွဲ့နှင့် ဒေသခံ Local PDF အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး 96 Soliders တပ်ဖွဲ့မှ ရဲဘော် တစ်ဦး စိုးရိမ်ရနှင့် မစိုးရိမ်ရ ရဲဘော်တစ်ဦးတို့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
