မြန်မာနိုင်ငံတွင် စစ်အုပ်စုကို ဖြုတ်ချပြီး နွေဦးတော်လှန်ရေး အောင်ပွဲဆင်သောအခါ
By Billy Ford & Thin Zar Htet – USIP
မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပြည်သူလူထု တစ်မျိုးသားလုံးက ဆန့်ကျင်အုံကြွမှုများ အားကောင်းလာသည်နှင့်အမျှ အဆိုပါ ကျယ်ပြန့်သည့် လှုပ်ရှားမှုအတွင်း ပေါ်ထွက်လာသည့် မေးခွန်းတစ်ခု ရှိလာခဲ့သည်။
ထိုမေးခွန်းမှာ – အကယ်၍ ဤကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ရွေးကောက်ခံရပြီး ဖယ်ရှားခံခဲ့ရသည့် ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လက်နက်ကိုင် ကာကွယ်ရေးအင်အားစုများ စသည့် အရောင်အသွေးနှင့် ပုံစံမျိုးစုံပါဝင်သည့် ခုခံတော်လှန်ရေးလှုပ်ရှားမှုက စစ်အုပ်စုကို ဖြုတ်ချနိုင်ခဲ့လျင်၊ ၎င်းတို့အနေဖြင့် ကောင်းမွန်စွာ အုပ်ချုပ်သွားနိုင်ပါမည်လား ထိုသို့မဟုတ်ဘဲ တိုင်းပြည်က ပိုမိုကြီးမားနက်ရှိုင်းသည့် ပရမ်းပတာဖြစ်မှုအတွင်းသို့ ရောက်ရှိသွားမည်လား – ဆိုသည်ပင် ဖြစ်သည်။
မကြာသေးမီအချိန်အတွင်း ဖြစ်ပေါ်တိုးတက်မှုများက စစ်တပ်အနေဖြင့် အာဏာတွင်ဆက်လက်၍ တည်မြဲနေနိုင်ပါမည်လား ဆိုသည့်အပေါ် သံသယများကို တိုးများလာစေခဲ့ခြင်းကြောင့်၊ ထိုမေးခွန်းက ပို၍အရေးကြီးလာခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ တရုတ်၊ အိန္ဒိယ၊ ထိုင်း နိုင်ငံတို့နှင့် ရှိနေသည့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတစ်လျှောက် ဗျူဟာမြောက် နယ်စပ်ဖြတ်ကျော်ရာနေရာများ အများအပြားကို လက်နက်ကိုင် ခုခံတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ကြပြီး၊ စစ်တပ်ကို ၎င်းတို့၏ အခြေစိုက်စခန်း သို့မဟုတ် အထိုင်စခန်း ၁၅၀ ကျော်မှ ကစဥ့်ကလျား ဆုတ်ခွာသွားစေခဲ့သည်။ ဤကဲ့သို့ ထူးခြားအံ့အားသင့်ဖွယ်ရာ တိုးတက်ဖြစ်ထွန်းမှုအား တွန်းအားပေး မောင်းနှင်ခဲ့သည့်အချက်မှာ၊ ဗမာမဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သုံးခုတို့နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည့် ဗမာတိုင်းရင်းသား အများစုပါဝင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) များအကြား မကြုံစဖူး ထူးခြားသည့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ဖြစ်သည်။
စစ်အုပ်စုအတွက် နောက်ထပ် ထပ်ဆင့်ထိုးနှက်ခံရမှုအတွင်း၊ တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားသည့် နယ်စပ်တလျှောက် ဝင်ငွေကောင်းစွာ ရရှိနေသော ရာဇဝတ်မှုများကျူးလွန်ရာ ဗဟိုချက်နေရာများကို နှိမ်နင်းပေးရန် တရုတ်၏ အလေးအနက်ထား တောင်းဆိုနေမှုများအား စစ်အုပ်စုအတွင်းမှ ဗိုလ်ချုပ်များက အလေးမထား ပစ်ပယ်ခဲ့ကြပြီးနောက် တရုတ်က အဆိုပါထိုးစစ်ဆင်တိုက်ခိုက်မှုအား မီးစိမ်းပြခွင့်ပြုချက်ပေးခဲ့သည်မှာ သေချာသလောက်နီးပါး ဖြစ်သည်။
တည်ငြိမ်မှုအတွက် အလားအလာများ
===============================
အကယ်၍ စစ်အုပ်စု ပြုတ်ကျသွားပါက မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးအတွက် ဖြစ်လာနိုင်ခြေရှိသည့် အနာဂတ်ကို အကဲဖြတ်နိုင်ရန်အတွက် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး မဏ္ဍိုင်အဖွဲ့ (ယူအက်စ်အိုင်ပီ) က သုတေသနစီမံကိန်းခြောက်ခုကို ပံ့ပိုးပေးခဲ့သည်။
အဆိုပါသုတေသန စီမံကိန်းများအတွင်း – ခုခံတော်လှန်ရေး ခေါင်းဆောင်များနှင့် လူ့အဖွဲ့အစည်းများအကြား ဆက်ဆံရေး၊ နိုင်ငံ၏ အမျိုးသားရေးလက္ခဏာအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း လှုပ်ရှားမှုများ၏ အကျိုးသက်ရောက်မှုနှင့် လူမျိုးစုများ အချင်းချင်းအကြား ဆက်ဆံရေးအခြေအနေ ကဲ့သို့သော အဓိကအကြောင်းအရာများကို စူးစမ်းလေ့လာမှုပြုခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများအတွင်း စစ်အုပ်စုအလွန်ကာလ တည်ငြိမ်မှုရှိရေးအတွက် အထောက်အကူဖြစ်စေမည့် ထူးခြားသည့် လက္ခဏာရပ်များရှိနေကြောင်း၊ မိမိတို့၏ သုတေသနပြုချက်များက ကောက်ချက်ချခဲ့ကြသည်။
စစ်တပ်အား ဖယ်ရှားလိုက်ပါက မတည်မငြိမ်ဖြစ်မှုများနှင့် ပရမ်းပတာဖြစ်လာလိမ့်မည်ဟူသည့် နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်မျှော်လင့်ထားမှုများက အခြေအမြစ်မရှိသည့် ခန့်မှန်းချက်များ မဟုတ်ကြဘဲ — ထိုသို့ဖြစ်လာလျင် ကြုံလာနိုင်သည့် အဓိကစိန်ခေါ်မှုများအတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ ကာလရှည်ကြာ ရှိနေခဲ့သည့် မကျေနပ်မှုများနှင့် ဥပဒေမဲ့လုပ်ရပ်များ ပါဝင်နေကြသည်။
သို့ရာတွင် ထိုအဆိုးဆုံးဆိုသည့် အခြေအနေများတွင် အများစုက သမိုင်းကြောင်းအရ အတိတ်ကဖြစ်ခဲ့သည်များ သို့မဟုတ် အခြားနိုင်ငံများ၏ ဖြစ်စဥ်များနှင့် နှိုင်းယှဥ်ကောက်ယူချက်များအပေါ် အခြေခံထားခြင်းသာ ဖြစ်ပြီး၊ လက်ရှိအချိန်ကာလ မြန်မာနိုင်ငံသမိုင်းတွင် တမူထူးခြားစွာ ဖြစ်ပေါ်လာသည့် ခုခံတော်လှန်ရေးလှုပ်ရှားမှုနှင့် ကျိုးကြောင်းဆီလျော်သည့် ဆက်စပ်မှုမျိုး ရှိလိမ့်မည် မဟုတ်ပေ။
အလွန်ထူးကဲဆိုးရွားသည့် အချက်မှာ၊ အဆိုပါယုံကြည်မျှော်လင့်ထားမှုများတွင် ခုခံတော်လှန်ရေးကာလ ဖွဲ့စည်းမှုများအတွင်း ပေါ်ထွက်လာခဲ့သည့် မျိုးဆက်သစ်ခေါင်းဆောင်များ၏ လူမှုနိုင်ငံရေးတွေးခေါ်မှုအရ တိုးတက်လာမှုများကို အာဏာသိမ်းပြီးနောက်ပိုင်း ကြားဖြတ်အစိုးရအတွက် ၎င်းတို့ထားရှိသည့် အစီအစဉ်များနှင့်အတူလျှော့ တွက်ထားပြီး၊ အရေးတယူ ဂရုစိုက်မှု မရှိခြင်းပင် ဖြစ်သည်။
ဤကောက်ချက်အား ယူအက်စ်အိုင်ပီ၏ သုတေသနပြုမှုများမှ အောက်ဖော်ပြပါ အဓိကတွေ့ရှိချက်လေးခုက သက်သေပြ ထောက်ခံလျက် ရှိနေကြသည် –
၁။ လက်ရှိခုခံတော်လှန်မှုက အများစု၏ နိုင်ငံရေးပုံစံသစ်တစ်ခုအား လိုလားသည့် လိုအင်ဆန္ဒကြောင့် ဖြစ်လာခဲ့ရခြင်း ဖြစ်ပြီး၊ ခုခံတော်လှန်မှုက လူမှုအသိုက်အဝန်းများနှင့် ချိတ်ဆက်လျက်ရှိနေခြင်းကြောင့် အကွဲကွဲအပြားပြားဖြစ်မှုနှင့် စစ်ခေါင်းဆောင်များက နယ်မြေကို အုပ်ချုပ်စိုးမိုးသည့် စစ်ဘုရင်ဝါဒ ထွန်းကားလာမှုတို့မှာ ဖြစ်လာနိုင်ခြေ မရှိပေ။
ယူအက်စ်အိုင်ပီက ပံ့ပိုးပေးထားပြီး ထုတ်ဝေဖော်ပြခြင်းမပြုရသေးသည့် စီမံချက်နှစ်ခုတွင်၊ ခုခံတော်လှန်မှုအတွင်း ပါဝင်နေကြသူများနှင့် ကျယ်ပြန့်စွာ ပြုလုပ်ထားသည့် တွေ့ဆုံမေးမြန်းမှုများအတွင်း အများစုက ရမ်းကားနေသည့် စစ်တပ်၏ရန်မှ လူမှုအသိုက်အဝန်းများအား အကာအကွယ်ပေးရန်နှင့် နိုင်ငံရေးနှင့် လူမှုရေးစနစ် ပုံစံအသစ်တစ်ခုကို ရရှိလိုသည့် စိတ်ဆန္ဒရှိမှုက အဓိကတွန်းအားပေးသည့် လှုံ့ဆော်မှုဖြစ်သည် ဆိုသည်ကို တွေ့ရှိခဲ့ရသည်။
ပီဒီအက်ဖ်များအပါအဝင် ခုခံတော်လှန်မှု၏ တိုက်ခိုက်ရေးသမား အများအပြားမှာ ၎င်းတို့ အကာအကွယ်ပေးနေကြသည့် အသိုက်အဝန်းများအကြား အမြစ်တွယ်ကြီးပြင်းလာခဲ့သူများ ဖြစ်ကြသည်။ အလားတူပင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း (အီးအာရ်အို) များမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များစွာက လက်နက်ကိုင်အဖွဲ့များ မဟုတ်ခဲ့ကြဘဲ လူမှုရေးလှုပ်ရှားမှုများအဖြစ် စတင်ခဲ့ကြပြီး၊ ၎င်းတို့၏ လူမှုအသိုက်အဝန်းများကို ဆက်လက်၍ တာဝန်ယူကာ အကျိုးပြုလာခဲ့ကြသည်။ ထိုအဖွဲ့များတွင် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (ကေအိုင်အို)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) နှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ ပါဝင်ကြသည်။
တာဝန်ယူ တာဝန်ခံမှုမရှိသည့် လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာနိုင်ကာ ဒေသခံလူထုအပေါ် အမြတ်ထုတ်မည်ကို နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း၊ ယူအက်စ်အိုင်ပီ၏ သုတေသနနှင့် အစီအစဥ်အောက်ရှိ အလားတူ ပဋိပက္ခဖြစ်မှုများနှင့် နှိုင်းယှဉ်ကြည့်ပါက ဤဖြစ်ရပ်မျိုး အနည်းငယ်မျှကိုသာ တွေ့ရှိခဲ့ရသည်။
၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်း (ကေအန်ဒီအို) ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (ထိုဖြစ်ရပ်ကြောင့် ကေအန်ဒီအိုကို ကရင်အမျိုးသား အစည်းအရုံးက နှင်ထုတ်ခဲ့သည်) မှလွဲ၍၊ ခုခံတော်လှန်ရေးကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် မှတ်တမ်းတင်ထားသည့် အဖြစ်မျိုး မရှိပေ။
ခုခံတော်လှန်ရေးအဖွဲ့များ အကြား ပဋိပက္ခများ အမှန်တကယ် ပေါ်ပေါက်ခဲ့သည့် အခါမျိုးတွင်လည်း ထိုဖြစ်စဥ်များနှင့်ပတ်သက်၍ သတင်းဖော်ပြမှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိကြရပြီး၊ လက်တွေ့တွင် အဆိုပါ ရုတ်တရက်ဖြစ်ပျက်မှုများမှာ ပုံမှန်မဟုတ်သည့် ဖြစ်စဥ်များသာဖြစ်ကြောင်း သက်သေပြနေကြသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဆွေးနွေးပွဲများ အပါအဝင် ခုခံတော်လှန်ရေး အင်အားစုများအကြား အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများက ဆက်လက်၍ ရပ်တန့်နေသော်လည်း၊ မြေပြင်တွင်မူ တိုင်းရင်းသား လူမျိုးစုအသီးသီးအကြား လုပ်ငန်းများက ဆက်လက် ဖြစ်ပေါ်လျက် ရှိနေသည်။
ဤဘုံရည်မှန်းချက်က စစ်ခေါင်းဆောင်များက အုပ်ချုပ်စိုးမိုးသည့် စစ်ဘုရင်ဝါဒဖြစ်ထွန်းလာမှု၊ မညီမညွတ် အကွဲကွဲအပြားပြားဖြစ်မှု သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်များအတိုင်း လိုက်ပါလျှောက်လှမ်းခြင်း ပြုကြမည့်အစား၊ အားလုံးအကြား တူညီသည့် အနာဂတ်အတွက် စေ့စပ်ညှိနှိုင်းမှုပြုရေးအတွက် တွန်းအားပေးလာနိုင်ခြေရှိသည်။ တန်ဖိုးမြင့် သယံဇာတ ထုတ်ယူမှုများ မရှိသည့် မြေပြင်၏ အခြေခံအနေအထားများကလည်း၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်၊ ထိုကဲ့သို့ဖြစ်လာနိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများအတွက် ကန့်သတ်ချက် ရှိနေသည်။
ခုခံတော်လှန်ရေးအတွင်း ပါဝင်နေကြသူအများစုမှာ ၎င်းတို့၏ ရပ်တည်နိုင်မှုအတွက် လူထု၏ ထောက်ပံ့မှုများအပေါ် မှီခိုနေကြရသည်။ နိုင်ငံရေးအစီအစဥ်အသစ် တစ်ခုအား အကောင်အထည်ဖော်ရန် ဆိုသည်မှာ ရိုးရှင်းလွယ်ကူလိမ့်မည်မဟုတ်သကဲ့သို့၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများကို နှစ်ပေါင်းများစွာ ကျင်းပရန် လိုအပ်လာနိုင်သည်။
သို့ရာတွင် ယူအက်စ်အိုင်ပီ၏ သုတေသနပြုချက်အရ ခုခံတော်လှန်ရေးလှုပ်ရှားမှုက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တူညီသည့် အမြင်သဘောထား ဖန်တီးမှုဆီသို့ အဓိပ္ပါယ်ပြည့်ဝသည့် တိုးတက်မှုများ ရရှိပြီးဖြစ်သည်ကို ဖော်ပြနေကြသည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဗမာလူထုအသိုက်အဝန်းများအကြား ပူးတွဲစစ်ဆင်မှုများ၊ လူမှုရေးဝန်ဆောင်မှု ပေးအပ်ခြင်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုပုံစံများ အမျိုးမျိုးရှိနေခြင်းက စည်းလုံးညီညွတ်မှု တိုးလာနေခြင်းကို သက်သေပြလျက်ရှိသည်။
၂။ လူမှုရေးအရ ပေါင်းစည်းမှုအရင်းခံက ထင်မြင်ထားသည်ထက် ပိုမိုအားကောင်းလျက် ရှိနေသည်။ ယန်ဂိုင်း ဂျက်ပ် နှင့် အစ်စ်ဘယ်လ် ချူးတို့၏ သုတေသနပြုချက်အရ၊ မြန်မာနိုင်ငံရှိ လူမျိုးစုများအကြား ဆက်ဆံရေးက အကြမ်းဖက်မှုအဆင့်များ သိသိသာသာ နိမ့်ကျသည့် နိုင်ငံများထက် ပို၍ဆိုးရွားမှုမရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် အမျိုးသားရေးလက္ခဏာ (မြန်မာနိုင်ငံသားဖြစ်မှု) က အနည်းဆုံး လူမျိုးစုများ၏ ကိုယ်ပိုင်လက္ခဏာရှိမှုကဲ့သိုပင် အရေးကြီးသည့်အချက် ဖြစ်နေပြီး — ခုခံတော်လှန်ရေး အဖွဲ့များအနေဖြင့် တစ်စစီကွဲထွက်သွားမည့်အစား အမျိုးသားနိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တစ်ခုရရှိရေး လုပ်ဆောင်လာစေရန် ဆွဲဆောင်အားပေးမည့် အခြားအချက်တစ်ခု ဖြစ်သည်။
ဂျက်ပ်နှင့် ချူးတို့၏ စမ်းသပ်သုတေသနပြုမှုမှ တွေ့ရှိလာသည့် အချက်နှစ်ခုစလုံးက မြန်မာနိုင်ငံအတွင်း လူမျိုးစုများအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ လွှမ်းမိုးမှုရှိသည့် အစဥ်အလာဇာတ်ကြောင်းများနှင့် ဆန့်ကျင်လျက် ရှိနေကြသည်။ ၎င်းတို့က မြန်မာနိုင်ငံသည် ညှိနှိုင်း၍ မရနိုင်လောက်အောင်ပင် ရန်လိုမှုများနှင့် ကစဥ့်ကလျားဖြစ်နေပြီး၊ မြန်မာနိုင်ငံသားများသည် မိမိတို့၏ သက်ဆိုင်ရာလူမျိုးစုအပေါ်တွင်သာ သစ္စာခံမှုရှိကြသည်ဟူသော ကံတရားအပေါ် ပုံချထားသည့် အမြင်သဘောထားအား ပျက်ပြားသွားစေသည်။
အမှန်တကယ်တွင် လက်ရှိတော်လှန်ရေးလှုပ်ရှားမှုက အလားတူ နှိုင်းယှဉ်နိုင်သည့် (၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၊ အီရန်၊ ဆီးရီးယား၊ ဆူဒန် စသည်ဖြင့်) အခြားခုခံတော်လှန်ရေး လှုပ်ရှားမှုများစွာထက် အင်အားကြီးမားသည့် စစ်တပ်အင်အားစုကို ပိုမိုထိရောက်မှုရှိစွာ ပို၍ကြံ့ကြံ့ခံနိုင်စွမ်းရှိနေခြင်းမှာ – ခုခံတော်လှန်မှုအတွင်း ပါဝင်နေကြသူများမှာ လေ့လာသူအများအပြားက ယုံကြည်ထားခဲ့ကြသကဲ့သို့ ကစဥ့်ကလျား ဖြစ်နေကြခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
အဆိုပါ တွေ့ရှိချက်များက၊ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်ရမှုမှာ အဓိကအားဖြင့် ခွဲခြားဆက်ဆံမှုရှိသည့် အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းမှုများနှင့် အချင်းချင်းအကြား သဘောထားကွဲပြားစေသည့် နိုင်ငံရေးဆွေးနွေးမှုများ၏ တွန်းအားပေးမှုကြောင့် ဖြစ်လာရသည်ဆိုသည်ကို ညွှန်ပြနေကြသည်။ အဆိုပါပြဿနာ နှစ်ခုစလုံးက ခုခံတော် လှန်ရေး လှုပ်ရှားမှုအတွက် ဦးစားပေးအချက်များဖြစ်ကြပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းအတွင်း ထည့်သွင်းကာ ကိုင်တွယ်ဖြေရှင်းလျက် ရှိနေကြသည်။ ထို့အတူ အမျိုးသားရေးလက္ခဏာဆိုင်ရာ ရလဒ်များကလည်း၊ ယူအက်စ်အိုင်ပီက ပံ့ပိုးပေးထားပြီး ထုတ်ဝေခြင်းမပြုရသေးသည့် ဂျက်ပ်နှင့် အေမီလျူတို့၏ မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားကြသူများဆိုင်ရာ ဒုတိယစစ်တမ်းအတွင်း အလားတူ ထွက်ပေါ်လာခဲ့သည်။
ဂျက်ပ်နှင့် ချူးတို့၏ သုတေသနပြုမှု အတွင်းတွင်လည်း၊ လူမျိုးစုအချင်းချင်းအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်အတွက် “စုပေါင်းအားထုတ်မှု” က အားကောင်းသည့် ဇာတ်ကြောင်းတစ်ခုအဖြစ် တွေ့ရှိခဲ့ကြရသည်။ “ကျွန်တော်တို့အားလုံး ဒီအထဲမှာ အတူတကွ ရှိနေကြတယ်” ဟူသည့် အယူအဆနှင့်အတူယှဥ်တွဲလျက် အဓိကအားဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်ဓါတ်ရေးအရ ပံ့ပိုးကူညီမှုများတွင် ရင်းနှီးမြှုပ်နှံပေးမှုအပေါ် အခြေခံသည့် အမျိုးသား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်က၊ တည်ငြိမ်မှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အမြစ်တွယ်လာစေရန် အကူအညီပေးနိုင်သည်။
၃။ ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း မအောင်မမြင်ဖြစ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲများကို၊ နိုင်ငံရေးအာဏာနှင့် နိုင်ငံရေးစံများတွင် အပြောင်းအလဲလုပ်မှုများက အောင်မြင်စွာ လုပ်ဆောင်လာစေနိုင်လိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သည့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်မျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။ ၁၉၅၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆယ်စုနှစ်တိုင်း လုပ်ဆောင်လာခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းသည် စစ်တပ်လွှမ်းမိုးမှု၏ ဖိအားအောက်တွင် မအောင်မမြင် ဖြစ်ခဲ့ရသည်။ စစ်တပ်၏ထိန်းချုပ်မှုမှ ကင်းလွတ်ပြီး လူထုနှင့်ချိတ်ဆက်မှုရှိသည့် ဒီမိုကရေစီလိုလားသူများက ဦးဆောင်သော အမျိုးသားအဆင့်ဆွေးနွေးပွဲက ပိုမို၍ သာတူညီမျှရှိမှု၊ တရားမျှတမှု၊ အားလုံးပါဝင်နိုင်မှုရှိပြီး တည်ငြိမ်သည့်နိုင်ငံရေးပုံစံအတွက် လမ်းဖွင့်ပေးလျက်ရှိသည်။
ယူအက်စ်အိုင်ပီက ပံ့ပိုးပေးထားသည့် ဘာတီးလ် လင့်ထ်နာ၏ သုတေသနပြုချက်အရ၊ ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မအောင်မမြင် ဖြစ်စေခဲ့သည့် အဓိကနည်းလမ်းသုံးရပ်ကို ဖော်ထုတ်ရာတွင် – ထိုနည်းလမ်းများ အားလုံးက စစ်အုပ်စုမရှိတော့သည့်နောက်ပိုင်း ဆွေးနွေးညှိနိူင်းမှုအတွင်း အခက်အခဲ ရှိလာနိုင်ခြေကို နည်းပါးသွားစေလိမ့်မည် ဖြစ်သည်။
ပထမအချက်မှာ၊ အဓိကကျသည့် ပါဝင်ပတ်သက်နေသူများအား ဖယ်ထုတ်ထားခဲ့ခြင်းကြောင့် အတိတ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ မအောင်မမြင်ဖြစ်ခဲ့ကြသော်လည်း၊ လက်ရှိ ခုခံတော်လှန်မှုအား မြန်မာ့သမိုင်းတွင် အားလုံးပါဝင်နိုင်မှု အရှိဆုံးဖြစ်သည့် နိုင်ငံရေးမဟာမိတ်အဖွဲ့က ဦးဆောင်လျက် ရှိနေသည်။ အကယ်၍သာ အားလုံးပါဝင်နိုင်မှုနှင့် စုပေါင်းခေါင်းဆောင်မှု သဘောတရားဖြင့် ဆက်လက်၍ စီမံလုပ်ဆောင်သွားမည်ဆိုလျင် တွေ့ဆုံဆွေးနွေးရေးက အောင်မြင်ရန် အလားအလာ ပို၍များသည်။
ဒုတိယအချက်မှာ၊ မှားယွင်းသည့်သတင်းများဖြင့် မှားယွင်းစွာသိရှိထားကြသည့် နိုင်ငံခြားသားများက အများပြည်သူဖြစ်သည့် လူထုကို လျစ်လျူရှုထားခဲ့ပြီး၊ ယခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း အရင်းအမြစ်များကို ထည့်သွင်းပေးခြင်းဖြင့် တန်းတူညီမျှမှုမရှိသည့် စေ့စပ်ညှိနှိုင်းရေးကို ဖန်တီးခဲ့ကြသော်လည်း၊ ယခု ခုခံတော်လှန်မှုအတွင်း ဆွေးနွေးပွဲလုပ်ငန်းစဥ်များတွင် နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
တတိယအချက်မှာ၊ စိတ်ရင်းစေတနာကောင်းနှင့် စနစ်တကျဖွဲ့စည်းမှုတို့ဖြင့် လုပ်ဆောင်နေသည့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း (“ခေတ်သစ်ကမ္ဘာတွင် ရှုပ်ထွေးမှုအရှိဆုံးများအတွင်းမှ တစ်ခု” ဟု ခေါ်ဆိုကြသည့်) ၎င်း၏ကိုယ်ပိုင် ရည်မှန်းချက်များကို ဖော်ဆောင်ရန် စစ်တပ်က ပါဝင်ခြင်း မရှိခဲ့ပေ။ အကယ်၍ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်အတွင်း စစ်တပ် ပါဝင်လာခဲ့ပါက အားနည်းသည့် အနေအထားတစ်ခုကိုသာ ဖြစ်လာစေလိမ့်မည် ဖြစ်သည်။
ထို့အပြင်၊ တစ်ဦးတည်း ဆွဲဆောင်နိုင်မှုရှိသည့် ခေါင်းဆောင်တစ်ယောက် သို့မဟုတ် အင်အားကြီးမားသည့် နိုင်ငံရေးပါတီတစ်ခုအဖြစ် ပါဝင်ခြင်းမျိုး ရှိမနေသည့်အချက်က၊ ငယ်ရွယ်ပြီး မတူကွဲပြားသည့် ခေါင်းဆောင်သစ်များကို ပေါ်ထွက်လာစေသည့် နိုင်ငံရေးအခင်းအကျင်းသစ်ကို ဖြစ်လာစေခဲ့သည်။ အဆိုပါအချက်အား လေ့လာဆန်းစစ်သူ အများအပြားက ခုခံတော်လှန်ရေးလှုပ်ရှားမှုအတွက် အားနည်းချက်တစ်ခုအဖြစ် ထောက်ပြခဲ့ကြသော်လည်း၊ အမှန်တကယ်တွင် အရေးပါသည့် ပိုင်ဆိုင်မှုတစ်ရပ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ဤမတူကွဲပြားမှုက ပဋိပက္ခအလွန် အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် အပေါင်းလက္ခဏာတစ်ရပ်အဖြစ် ဆက်လက်၍ ရှိနေမည်ဖြစ်သည်။
၄။ အာဏာသိမ်းမှုက လူမျိုးရေးအကြမ်းဖက်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အပြန်အလှန်ဆွေးနွေးမှုအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးလာခဲ့ခြင်းကြောင့်၊ လူမျိုးစုများအကြား အပြန်အလှန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် အပြောင်းအလဲများကို ဖြစ်လာစေခဲ့သည်။
ယူအက်စ်အိုင်ပီက ပံ့ပိုးပေးထားသည့် သုတေသနစီမံချက်သုံးခုအတွင်း၊ အာဏာသိမ်းမှုနောက်ပိုင်းတွင် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့အကြား ယုံကြည်မှုနှင့် ရင်းနှီးမှုများ တိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း ပါဝင်နေကြသူ သုတေသီအဖွဲ့တစ်ခုက ပြည်နယ်ခုနစ်ခုနှင့် တိုင်းလေးခုတို့မှ လှုပ်ရှားမှုအတွင်း ပါဝင်နေသူ လူငယ်များအား တွေ့ဆုံမေးမြန်းခဲ့ကြသည်။
လူမျိုးစုများနှင့် ဘာသာရေးအသိုက်အဝန်းများမှ တုံ့ပြန်ဖြေဆိုကြသူများက ဘာသာရေးရောယှက်မှုမရှိသည့် နိုင်ငံရေး၊ ခွဲခြားဆက်ဆံခြင်း မရှိမှုနှင့် အစဥ်အလာအရ အားနည်းသည့် လူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှုများအား အကာအကွယ်ပေးမှုတို့ ပါရှိသည့် အားလုံးပါဝင်နိုင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် ထူးခြားသိသာသည့် တသမတ်တည်း တူညီမှုရှိသည့်အမြင်ကို ရှင်းလင်းစွာ ထုတ်ဖော် ဖြေကြားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်မှုနှင့် အကြမ်းဖက်မှု၏ အဓိကမောင်းနှင်အားအဖြစ်၊ စစ်တပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ဗမာကြီးစိုးသော အစိုးရများအဆက်ဆက်က ပြန့်ပွားလာစေခဲ့သော ခွဲခြားဆက်ဆံသည့် အမျိုးသားရေးလက္ခဏာအဖြစ်၊ လူအများအပြားက ကိုးကားဖော်ပြခဲ့ကြသည်။
ဤသုတေသနပြုမှုအတွင်း ဖြေဆိုခဲ့ကြသူများအပြင် ယူအက်စ်အိုင်ပီမှ ကျောင်းသူပညာရှင် သဥ္ဇာထက်၏ သီးခြားသုတေသနပြုမှုအတွင်း ဖြေဆိုကြသူများက၊ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လူမျိုးစုများအကြား ဆက်ဆံရေးတွင် တိုးတက်မှုက သိသိသာသာ တိုးတက်လာခဲ့ကြောင်း အတည်ပြုထားသည်။ ရိုဟင်ဂျာ အပါအဝင် အစဉ်အလာအရ ဘေးဖယ်ခံထားရသည့် လူအုပ်စုများအပေါ် စာနာနားလည်မှုများက တိုးလာခဲ့သည်။ ဤစီမံကိန်းနှစ်ခုအတွင်း ဖြေဆိုကြသူများ အားလုံးနီးပါးတွင် အများအပြားက ခုခံတော်လှန်ရေးလှုပ်ရှားမှုအတွင်း အရေးပါသည့် ရာထူးတာဝန်များကို ရယူထားကြသူများဖြစ်ပြီး၊ လက်ရှိ ခုခံတော်လှန်ရေးလှုပ်ရှားမှုအား ပိုမို၍ အားလုံးပါဝင်နိုင်သည့် အမျိုးသားရေးလက္ခဏာတရပ်အပေါ်တွင် အခြေခံကာ ပိုမိုတည်ငြိမ်မှုရှိပြီး သာတူညီမျှရှိသည့် မြန်မာနိုင်ငံကိုတည်ဆောက်နိုင်မည့် တမူထူးခြားသည့် သမိုင်းဝင်အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ကြသည်။
ဤအချက်မှာ ဗမာနှင့် လူနည်းစုတိုင်းရင်းသားအဖွဲ့များအကြား ယခင်က စိတ်ကူး၍ပင် မရနိုင်ခဲ့သည့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ခုခံတော်လှန်မှုအတွင်း စည်းလုံးညီညွတ်မှုအဖြစ် – ကိုးကန့်၊ ရခိုင်၊ ဗမာ၊ ရှမ်းနှင့် တအာင်း တိုက်ခိုက်ရေးသမားများနှင့် အပြိုင်လှုပ်ရှားနေကြသည့် ကရင်၊ ကရင်နီ၊ ချင်း အုပ်စုများ အတူတကွပါဝင်ပြီး မကြာသေးမီက ဖော်ဆောင်ခဲ့ကြသည့် အဖွဲ့ပေါင်းစုံ ပူးပေါင်းစစ်ဆင်ရေးများအတွင်း သိသာထင်ရှားစွာ မြင်တွေ့နိုင်ခဲ့ကြသည်။
သဥ္ဇာထက်၏ သုတေသနပြုချက်အရ အစွန်းရောက်သည့် ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒက ဆက်လက်၍ ရှိနေဆဲဖြစ်သော်လည်း၊ လူထုအနေဖြင့် နိုင်ငံရေးအရ ပိုမိုသိရှိနားလည်လာကာ အစွန်းရောက်ဝါဒဖြန့်မှုနှင့် လှုံ့ဆော်မှုများကို လက်မခံ ဆန့်ကျင်လာကြသဖြင့် အစွန်းရောက်သည့် အမြင်များကြောင့် အကြမ်းဖက်မှုသို့ တိုးမြင့်လာနိုင်ခြေ နည်းပါးကြောင်း တွေ့ရှိရသည်။
မေးခွန်းဖြေဆိုကြသူများက ဘာသာရေးကို နိုင်ငံရေးအမြတ်အစွန်းအတွက် ကြိုးကိုင်အသုံးချနေသည့် နိုင်ငံရေးသမားများအပေါ် သတိထားလာကြလျက်၊ ဘာသာရေးရောယှက်မှုမရှိသည့် အုပ်ချုပ်ရေးဖွဲ့စည်းမှုကို ထောက်ခံကြကြောင်းကိုလည်း ညွှန်ပြနေသည်။ ရွေးကောက်တင်မြှောက်ခံ အစိုးရတစ်ရပ်၏ လက်အောက်တွင်၊ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ရှိခဲ့သည့် အကူးအပြောင်းကာလအတွင်း ဖြစ်နိုင်ခြေရှိမှုများကို မျိုးဆက်သစ်လူငယ်များသည် တွေ့မြင်ခဲ့ကြရသည်။ ခုခံတော်လှန်ရေးလှုပ်ရှားမှုအတွင်း အောင်မြင်မှုများက ၎င်းတို့၏ ကိုယ်တိုင်လွတ်လပ်စွာ လုပ်ကိုင်နိုင်စွမ်းရှိမှုကို များစွာအားဖြည့်ပေးလာခဲ့သည်။
ခုခံတော်လှန်မှုက နိုင်ငံသစ်အတွက် အခြေခံအုတ်မြစ်
========================================
ထိုအချက်ကို ယူအက်စ်အိုင်ပီ၏ အစီအစဥ်များတစ်လျှောက် သုတေသနတွေ့ရှိချက်များက ပဲ့တင်ထပ်လျက် ရှိကြသည်။ ဥပမာအားဖြင့်၊ ငြိမ်းချမ်းရေး တည်ဆောက်မှုစွမ်းရည်နှင့် စိတ်ကျန်းမာရေး အသိပညာပေးမှုတို့တွင် အကြမ်းမဖက်သည့် ပါဝင်လုပ်ဆောင်သူများအား လေ့ကျင့်ပေးနေသည့် ယူအက်စ်အိုင်ပီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ပညာရေးအစီအစဉ်အတွက် တောင်းဆိုမှုများက အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ တိုး၍လာခဲ့သည်။
မှားယွင်းစွာ သိရှိနားလည်ထားကြသည့် နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်နေကြသူများက ခုခံတော်လှန်ရေးအဖွဲ့များအား အာဏာသိမ်းစစ်အုပ်စုနှင့် ပြောဆိုဆွေးနွေးရန် ဖိအားပေးလာချိန်မှစ၍ “တွေ့ဆုံဆွေးနွေးမှု” ဆိုသည့်အပေါ် အပျက်သဘောဆောင်သည့် အနက်အဓိပ္ပါယ်အရ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သော်လည်း၊ ခုခံတော်လှန်ရေး အင်အားစုများက ငြိမ်းချမ်းရေးတည်ဆောက်မှု နည်းလမ်းများနှင့်ပတ်သက်သည့် သင်တန်းများကို ပေးအပ်ရန် ဆက်လက်တောင်းဆို လာခဲ့ကြသည်။
အဆိုပါ တောင်းဆိုမှုများအား တုံ့ပြန်ဖြည့်ဆည်းသည့်အနေဖြင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကြမ်းမဖက်သည့် ပါဝင်လုပ်ဆောင်နေကြသူ ၁,၀၀၀ နီးပါးအား ယူအက်စ်အိုင်ပီက ငြိမ်းချမ်းရေးတည်ဆောက်မှု စွမ်းရည်အတွက် လေ့ကျင့်သင်ကြားပေးခဲ့သည်။
သင်တန်းသားများက၊ ထိရောက်မှုရှိသည့် ခုခံတော်လှန်ရေးအတွင်း ညီညွတ်ပေါင်းစည်းမှုကို တည်ဆောက်ရန်နှင့် ရပ်ရွာအဆင့် တင်းမာမှုများကို ဖြေရှင်းရန်မျှသာမက၊ အမျိုးသားအဆင့် ဆွေးနွေးပွဲလုပ်ငန်းစဉ်အတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်လည်း သင်တန်းတွင် ပါဝင်တက်ရောက်ခဲ့ကြကြောင်း ယူအက်စ်အိုင်ပီအား ပြောဆိုခဲ့ကြသည်။
အဆိုပါ ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်များရရှိရေးအတွက် တောင်းဆိုမှုများက၊ ဤခုခံတော်လှန်ရေး လှုပ်ရှားမှုမှာ နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးအတွက်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများက ၎င်းတို့၏ ခေါင်းဆောင်များအား အမျိုးသားအဆင့် ဆွေးနွေးပွဲလုပ်ငန်းစဉ်၏ အဆုံးအထိတိုင် တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်ကြရန် တွန်းအားပေးလိမ့်မည် ဟူသည့် ကောက်ချက်ချမှုနှင့် ကိုက်ညီမှုရှိနေသည်။
ခုခံတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် ယူအက်စ်အိုင်ပီ၏ ဒေသန္တရအုပ်ချုပ်ရေး ဖွဲ့စည်းမှုများအပေါ် သုတေသနပြုချက်အရ၊ စစ်အုပ်စုခေတ်နောက်ပိုင်းတွင် တည်ငြိမ်မှုရှိသည့် အုပ်ချုပ်ရေးနှင့် ကူညီပံ့ပိုးမှုများအား ဖြန့်ဖြူးပေးရေးအတွက် အစမှတ်တစ်ခုအဖြစ် ပေးဆောင်နိုင်သည့် ကျယ်ပြန့်ပြီး အပြန်အလှန် ဆက်နွယ်နေသည့် အင်စတီကျူးရှင်းခေါ် အရေးပါသည့် အဖွဲ့အစည်းများအကြား ချိတ်ဆက်မှုရှိသည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဆောင်ရွက်ရမည့် အလုပ်များ
=======================
ယူအက်စ်အိုင်ပီက ပံ့ပိုးပေးထားသည့် သုတေသနပြုမှုများအတွင်း ဖြေဆိုကြသူ အများအပြားက၊ ယခင်အဆင့်မြင့်ပိုင်းတွင် ပါဝင်လုပ်ဆောင်ခဲ့ကြသူများထက် လက်ရှိခုခံတော်လှန်ရေး၏ ခေါင်းဆောင်မှု အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) အနေဖြင့် တိုးတက်မှုကို ထင်ဟပ်နေကြောင်း သဘောတူလက်ခံကြသည်။
သို့ရာတွင် ၎င်းတို့၏အမြင်အရ၊ အဆိုပါ ခေါင်းဆောင်များအနေဖြင့် လူနည်းစုတိုင်းရင်းသားများက ဦးဆောင်သည့် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းအတွင်း ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အာဏာများကို ကိုင်စွဲထားကြသည့် ဒေသခံခေါင်းဆောင်များကို အခွင့်အာဏာ ပိုမိုပေးအပ်ခြင်းဖြင့် အုပ်ချုပ်မှုဆိုင်ရာပုံစံသစ်အတွင်း ပိုမိုကြီးမားသည့် ကတိကဝတ်ပြုမှုကို ပြသရမည် ဖြစ်သည်။
အရေးကြီးသည့်အချက်မှာ ဤနေရာတွင် အကျဉ်းချုံးဖော်ပြထားသည့် အမျိုးမျိုးသော လေ့လာမှုများက ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်အတွက် လူထုအကြား အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှုလမ်းကြောင်းများ ရှိနေသည်ကို ညွှန်ပြနေကြသည်။ သို့ရာတွင် အကယ်၍ – အတိတ်တွင် ဖြစ်ခဲ့သကဲ့သို့ပင် – လူထု၏ အမြင်သဘောထားများကို မလိုက်နာ သို့မဟုတ် ကွယ်ဝှက်ထားသည့် ကိုယ်ပိုင်ရည်ရွယ်ချက်ရှိသူ အခွင့်ထူးရသီးသန့်အုပ်စုဝင်များက ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ထိန်းချုပ်လိုက်မည်ဆိုပါက အဆိုပါ ဆွေးနွေးညှိနှိုင်းမှုအတွက် အားပေးထောက်ခံနေကြမှုကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆွေးနွေးညှိနှိုင်းမှုအတွက် ကြိုးပမ်းမှုတိုင်းတွင် အောက်ခြေမှ စတင်ဖြစ်တည်လာခဲ့သည့် ဤခုခံတော် လှန်ရေးလှုပ်ရှားမှု၏ သဘောသဘာဝကို ထိန်းသိမ်းထားရှိရန်မှာ အရေးကြီးသည်။ အမျိုးသားအဆင့် လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့်ရမှုအတွက် အင်အားအသုံးပြုမှုအပေါ်တွင် အခြေမခံဘဲ ရပ်ရွာအသိုက်အဝန်း၏ တရားဝင် ခွင့်ပြုချက်ပေးမှုအပေါ်တွင် အခြေခံသင့်သည်။
နိုင်ငံတကာ အသိုက်အဝန်းမှ ပါဝင်သူအများအပြားက တည်ငြိမ်မှုကို အရာအားလုံးထက်ပို၍ တန်ဖိုးထားနေကြပုံရခြင်းက၊ ၎င်းတို့အား မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိမရှိဆိုသည့်အချက်အပေါ် ခွဲခြားမှုမရှိဘဲ လျစ်လျူရှုထားစေသည်။
အမှန်တကယ်ပင် စစ်တပ်သည် မတည်မငြိမ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး၊ ယခုအခါ တည်ငြိမ်ခြင်းရှိမှုဆီသို့ အယုံကြည်ရဆုံးလမ်းကြောင်းကို ခုခံတော်လှန်ရေးလှုပ်ရှားမှုက ပေးဆောင်လျက် ရှိသည်။ သို့ရာတွင် တည်ငြိမ်ခြင်းရှိမှု ကိုယ်တိုင်က ခုခံတော်လှန်ရေးလှုပ်ရှားမှု၏ အဓိက ရည်မှန်းချက် မဟုတ်ပေ။ ယူအက်စ်အိုင်ပီ၏ သုတေသနပြုချက်အရ၊ ယခုလှုပ်ရှားမှုအတွင်း တည်ငြိမ်အေးချမ်းမှုက နောက်မှလိုက်ပါလာမည် ဆိုသည့် တပါတည်း မျှော်လင့်ချက်နှင့်အတူ နိုင်ငံသစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်သည့် အမျိုးသားရေးအုံကြွမှု ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ပြဿနာများတွင် စိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများ ရှိနေသော်လည်း ဖြေရှင်း၍ မရနိုင်သည့် ခက်ခဲမှုမျိုး မဟုတ်ပေ။ စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကလည်း ရှောင်လွှဲ၍မရသည့်အရာမျိုး မဟုတ်ပေ။ နိုင်ငံတကာ အသိုက် အဝန်းအတွင်း စစ်တပ်ကိုအနိုင်ယူ၍ ရနိုင်လိမ့်မည်မဟုတ်ဟု ငြင်းခုံနေမှုများက တောက်လျှောက် ရှိနေသော်လည်း၊ ခုခံတော်လှန်မှုက ကြီးထွားလျက် ရှိလာနေသည်။
မြင်သာထင်သာရှိသည့် အကူအညီများကို အနည်းငယ်မျှသာ ရရှိခဲ့ကြသော်လည်း စစ်အုပ်စုအား ဆန့်ကျင်နေကြသူများက ဆက်လက်၍ ရပ်တည်နိုင်ခဲ့ကြသည်။ ခုခံတော်လှန်ရေးလှုပ်ရှားမှုက အဆင့်သစ်တစ်ခုအတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုအတွင်း ပါဝင်နေကြသူများအား ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်နိုင်ခွင့် ပေးအပ်ကြရမည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့်လည်း ထိုသို့သော ရွေးချယ်ပိုင်ခွင့်ကို ရရှိသင့်ကြသည်။
(We Shouldn’t Fear a Resistance Victory in Myanmar –Billy Ford & Thin Zar Htet – USIP – November 16, 2023 ကိုဆီလျှော်အောင် ဘာသာပြန်ဆိုသည်။)
