ပြည်သူများ တခဲနက် အားပေးဝယ်ယူမှုကြောင့် နွေဦးဘဏ်ရှယ်ယာ ရောင်းချမှု အမေရိကန်ဒေါ်လာ ၁၀ သန်း ရောက်ရှိပြီး မျှော်မှန်းချက်ထက် ကျော်လွန်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် နွေဦးဘဏ်အစုရှယ်ယာများကို ရောင်းချနေရာတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန် ရောင်းချနိုင်ခဲ့ပြီးဖြစ်ကြောင်း နွေဦးဘဏ်က တရားဝင်သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှ၍ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ နွေဦးဘဏ်အစုရှယ် ဒေါ်လာ ၁၀ သန်း ရောင်းချမှုစတင်ခဲ့ပြီး အနည်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ၁၀ ဒေါ်လာမှ စတင်ရောင်းချပေးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရည်မှန်းချက် ပြည့်မီသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီကနေ့ နိုဝင်ဘာ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ နွေဦးဘဏ်ရဲ့အစုရှယ်ယာ ရောင်းချမှု၊ အမေရိကန် ဒေါ်လာ ၁၀ သန်း ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါတယ်။ ဒီအောင်မြင်မှုဟာ နွေဦးတော်လှန်ရေးကို ယုံကြည်သက်ဝင်တဲ့ ပြည်သူလူထုရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ တခဲနက်ယုံကြည်ထောက်ခံမှုကို နွေဦးဘဏ်ကတဆင့် သမိုင်းဝင် သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ “ပြည်သူသာလျှင် အဓိက” ဆိုတာ မျက်ဝါးထင်ထင် ထပ်လောင်း သက်သေပြခဲ့ခြင်းလည်းဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မျှော်မှန်းချက် ပြည့်မီသွားသော်လည်း နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန် နွေဦးဘဏ် အစုရှယ်ယာများကို ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“မျှော်မှန်းထားတဲ့ target ပြည့်သွားပြီ ဆိုသော်လည်း အခက်အခဲအမျိုးမျိုးကြားကနေ တော်လှန်ရေးအောင်စိတ်နဲ့ နွေဦးဘဏ် အစုရှယ်ယာရှင် ဖြစ်လိုကြတဲ့ ပြည်သူများစွာရှိနေသေးတဲ့အတွက် မူလအစီအစဉ်အတိုင်း မနက်ဖြန် နိုဝင် ဘာ၂၇ ရက်နေ့ မြန်မာချိန် ညနေ ၄ နာရီ အထိ အစုရှယ်ယာ SDB Token ဝယ် ယူမှုများကို ဆက်လက်ပြီး လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်း ကောင်းပါးလိုပါတယ်” ဟု နွေဦးဘဏ်က ကြေညာထားသည်။
