ဂျပန်တွင် NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ Japanese Trade Union Confederation (JTUC-RENGO) ဥက္ကဋ္ဌတို့ကို တွေ့ဆုံ
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ဂျပန်နိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Rahm J. Emanuel နှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများအား လေးစားတန်ဖိုးထားပြီး မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်နေသည့် အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက်ကို ကျေးဇူးတင်ရှိကြောင်း NUG ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အင်အားကြီး အလုပ်သမားသမဂ္ဂတခုဖြစ်သည့် Japanese Trade Union Confederation (JTUC-RENGO) မှ ဥက္ကဋ္ဌဖြစ်သူ Ms.Tomoko Yoshino တို့တွေ့ဆုံဆွေးနွေးကြောင်း သိရှိရသည်။
ယနေ့ ညနေပိုင်းတွင် Japanese Trade Union Confederation (JTUC-RENGO) မှ ဥက္ကဋ္ဌဖြစ်သူ Ms.Tomoko Yoshino ကို RENGO ရုံးချုပ်တွင် သွားရောက်တွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံအရေး၊တိုင်းရင်းသားဒေသဆိုင်ရာနှင့်ဒုက္ခသည်အရေးကိစ္စများ၊လက်ရှိအလုပ်သမားအရေးနှင့် နှစ်နိုင်ငံ အနာဂတ်အလုပ်သမားအရေးများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲဆောင်ရွက်ကာ အလုပ်သမားရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

