26 C
Yangon

မင်းအောင်လှိုင်၏ လှိမ့်လုံး၊ ဖြီးလုံး၊ လေလုံးများဖြင့် လိမ်ညာ မရတော့သည့် စစ်တပ် ပြိုလဲနေမှုများ မျက်ဝါးထင်ထင် မြင်တွေ့လာရ

Must read

မင်းအောင်လှိုင်၏ လှိမ့်လုံး၊ ဖြီးလုံး၊ လေလုံးများဖြင့် လိမ်ညာ မရတော့သည့် စစ်တပ် ပြိုလဲနေမှုများ မျက်ဝါးထင်ထင် မြင်တွေ့လာရ

By ရန်ကုန်ခေတ်သစ်

“မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုတဲ့ လူမိုက်ဆန်ဆန်စကားတွေနဲ့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားခဲ့တဲ့ ရွေးကောက်ခံအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာ သိမ်း ယူခဲ့တာ ၃ နှစ်နီးပါးပြည့်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀- ၂၀၂၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ အနား ယူရမှာ ဖြစ်ပေမယ့်လည်း အာဏာ တပ်မက်လွန်း၊ သမ္မတဖြစ်ချင်လွန်းတဲ့ မင်းအောင်လှိုင်က သူရဲ့ အတ္တအတွက် ရာထူး၊ဩဇာ မက်ကြတဲ့ နောက်လိုက် စစ်ခေါင်းဆောင်တွေနဲ့အတူ ၂၀၂၁ ခုနှစ် ရွေးကောက်ခံ အစိုးရလက်ထဲကနေ နိုင်ငံတော် အာဏာ ကို မဲမသမာမှုဆိုတဲ့ ထွင်လုံးနဲ့ စစ်အာဏာရှင် သန်းရွှေ စိတ် တိုင်းကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို စစ်တပ်ကိုယ်တိုင် ဖောက် ဖျက် အာဏာ သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်က “စစ်တပ်က အာဏာထိန်းတာပါ” ၊ “မဲမသမာမှုကြောင့်ပါ” ၊ “ရွေးကောက်ပွဲ ကျင်းပပေးမယ်” စတဲ့ ဖြီးလုံး လှိမ့်လုံးတွေနဲ့ သူ့စစ်တပ်ကို သူစည်းရုံးနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူလူထုကို လမ်းမတွေပေါ်မှာ ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့၊ ကလေး၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်သည်ပါ မကျန် စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။

ရက်စက်ပြ၊ နှိပ်စက်ပြမှုတွေနဲ့ လူထုကို အကြောက်တရားသွင်းပြီး အုပ်ချုပ်ဖို့ ကြံရွယ်ခဲ့ပေမယ့်လည်း မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတွေ အကြံအစည်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ဖို့ နီးကပ်လာချိန်အထိ တကယ်ကို အလုပ် မဖြစ်ခဲ့ပါဘူး။

ပြည်သူလူထုက ကြောက်မသွားတဲ့အပြင် ရှေ့ဆက်တိုးလို့ လက်နက်စွဲကိုင်တော်လှန်ရေး အပြင် ၃ နှစ်တာလုံး ပြည်နယ်/တိုင်းနေရာ အနှံ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ၊ ပြည်လုံးကျွတ် အသံတိတ်သပိတ်တွေနဲ့ စစ်ကောင် စီရဲ့ အုပ်ချုပ်မှုကို အာခံနေကြဆဲဖြစ်ပါတယ်။ စစ်ကျွန်ဘ၀ လွတ်မြောက်‌ရေး ကြီးမားလှတဲ့ လှိုင်းတံပိုးက လျှော့ကျမသွားဘဲ ၃ နှစ်နီးပါး ကြာမြင့်လာတဲ့အချိန်မှာ ပိုပြီး အရှိန်ရလာပါတယ်။

အခုတော့ အဲဒီ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး လှိုင်းလုံးတွေက မင်းအောင်လှိုင်ရဲ့ စစ်တပ်ထဲ အထိပါ ရိုက်ခတ်နေပြီဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် မဟုတ်ဘဲ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်ခေါင်း ဆောင်တွေ၊ စစ်တပ် ခေါင်းဆောင်ပိုင်း မိသားစုတွေ ကြွယ်၀ချမ်းသာရေး ရှေ့တန်းမှာ အသက်တွေ သေပေးနေရတယ်ဆိုတာကို စစ်တပ်နဲ့ စစ်တပ်ယန္တရားတွေထဲမှာ နားလည်လာနေကြပြီဖြစ်ပါတယ်။

အမှန်တရားကို နားလည်လာလေလေ ဘာအတွက် တိုက်နေလဲဆိုတာ မေးခွန်းပြန်ထုတ်နေကြရတဲ့ စစ်သားတွေ ရာပေါင်းများစွာ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ အဖြေမထွက်ဘဲ အသက်ပေး သေဆုံးနေကြပါတယ်။ သူတို့ သေဆုံးမှုတွေက ဂုဏ်ပြုသူမရှိဘဲ ပြည်သူလူထုရဲ့ ၀ိုင်းဝန်း အပြစ်တင်မှုတွေအောက်မှာ ခွေးသေ ဝက်သေ ပစ်စလက်ခတ် သေဆုံးနေရတာပါ။

နောက်ဆုံးမှာတော့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ မုသာဝါဒ စကားတွေက အရာရှိ၊ စစ်သည်တွေရဲ့ ဘ၀ကိုလည်း မကာကွယ်နိုင်သလို ပြည်သူ လူထုရဲ့ အမုန်းတရားကို မတွန်းလှန်နိုင်ဘူးဆိုတာ စစ်စစ်မှန်မှန်နားလည်လာကြတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်ရင်းအလိုက် အလင်းဝင်တာတွေ၊ ရခိုင်ပြည်နယ်မှာ ရဲစခန်းတစ်ခုလုံး လက်နက်ချတာတွေ၊ ကရင်နီပြည် နယ်မှာ စစ်သားတွေ အလံဖြူထောင် အညံ့ခံတာတွေ၊ ကရင်ပြည်နယ်မှာ စစ်မတိုက်တော့ဘဲ စစ်သားတွေ အဖမ်းခံတာတွေ ဖြစ်လာပါတယ်။ တစ်နိုင်ငံလုံးမှာလည်း CDM ဝင်ကြတဲ့ စစ်သားတွေ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တဟုန်ထိုးမြင့်လာနေပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးတဲ့ အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံမှာ လက်နက်ချ အလင်းဝင်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက် အောက်ခံ ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ စကခ ၁၆ မှ တပ်ဖွဲ့ ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။

ဒီလို စစ်သည်တွေ အရေအတွက်များစွာနဲ့ အလင်းဝင်နေတာက ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုတည်းမှာတင်မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ အပေါက်၀ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦး နိုဝင်ဘာလ ၁၃ ရက်နေ့မှာ AA ထံမှာ လက်နက်ချ အလင်းဝင်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၅ ရက်နေ့ လွိုင်ကော်တက္ကသိုလ်မှာ စစ်သား ၃၂ ဦး စစ်ဆက်မတိုက်ရဲတော့ဘဲ လက်နက်ချ အညံ့ခံပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားတိုက်ပွဲမှာ စစ်သား ၂၃ ဦး လက်နက်ချ အညံ့ခံပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ကုန်ပိုင်းမှာပဲ စစ်တပ်ထဲမှာ တပ်ပြေးမှုတွေ အရမ်းမြင့်တက်လာလို့ စစ်တပ်ထဲမှာ အခြေအနေဟာ ထိန်းမနိုင် သိမ်းရဖြစ်လာနေပါတယ်။

အခြားတစ်ဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုင်ငံတစ်ဝန်း မြို့ပေါင်းများစွာကို သိမ်းယူနေပြီး လက်ရှိမှာ နိုင်ငံတစ်ဝန်း မြို့ ၁၈ ခု သိမ်းယူထားပါတယ်။ စစ်ကိုင်းတိုင်းမှာ ၃ မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၇မြို့၊ ချင်းပြည်နယ်မှာ ၇ မြို့နဲ့ ကရင်နီမှာ ၁ မြို့ စုစုပေါင်း ၁၈ မြို့ကို တော်လှန်ရေးတပ်တွေက သိမ်းယူထားတာလည်းဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ မြို့တွေကတော့-

(၁) ကောလင်း (စစ်ကိုင်းတိုင်း)

(၂) ခမ်းပတ် (စစ်ကိုင်းတိုင်း)

(၃) ရွှေပြည်အေး (စစ်ကိုင်းတိုင်း)

(၄)ချင်းရွှေဟော် (ရှမ်းမြောက်)

(၅)ကုန်းကြမ်း (ရှမ်းမြောက်)

(၆)ဖောင်းဆိုင် (ရှမ်းမြောက်)

(၇) မုံးကိုး (ရှမ်းမြောက်)

(၈)ပန်ဆိုင်း (ရှမ်းမြောက်)

(၉) သိန္နီ (ရှမ်းမြောက်)

(၁၀) ကွမ်းလုံ (ရှမ်းမြောက်)

(၁၁) မယ်စဲ့ (ကရင်နီ)

(၁၂)နှာရိန်မြို့ (ချင်းပြည်နယ်)

(၁၃) ဆူရ်းခွါမြို့(ချင်းပြည်နယ်)

(၁၄) မကွီအိမ်နူးမြို့(ချင်းပြည်နယ်)

(၁၅)ဝေဘုလ (ချင်းပြည်နယ်)

(၁၆) ရိဒ်ခေါဒါရ် (ချင်းပြည်နယ်)

(၁၇) လိုင်လင်းပီ (ချင်းပြည်နယ်)

(၁၈) ရေဇွာ (ချင်းပြည်နယ်) စုစုပေါင်း မြို့ပေါင်း ၁၈ မြို့ကို သိမ်းယူထားပြီဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညပိုင်း နေပြည်တော်မှာတော့ စစ်ကောင်စီရဲ့ အကြမ်း ဖက် ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တပ်မတော်က အာဏာထိန်းတာ၊ တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်း ဖက်နေတာက ဒီမိုကရေစီမဟုတ်ကြောင်း၊ NCA လမ်းကြောင်းနဲ့ ဒီမိုကရေစီလမ်းစဉ် ပြန်သွားမှာလို့ လှိမ့်လုံး ဖြီးလုံးတွေကို တွင်တွင်ကျယ်ကျယ် ဆက်လက်ပြောနေဆဲပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article