ထားဝယ်ရှိ ပေါက်တိုင်း စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ မြင်းမူရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ပေါက်တိုင်းစစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၆ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ထားဝယ်မြို့နယ်၊ ပေါက်တိုင်းစစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊အမှတ် ၁ တပ်ရင်း မှ ဒုတပ်ရင်းမှူး ရဲဘော် C1 မှ ဦး ဆောင်၍ တပ်ခွဲ ၁ တပ်ခွဲမှူး ရဲဘော် ကျော်ကြီး ၊ ဒုတပ်ခွဲမှူး ရဲဘော် ကိန်း အပါအဝင် တပ်စိပ် ၂စိပ် နှင့် နွေဦးပျောက်ကြားတပ်ဖွဲ့ မှ တပ်စိပ် ၁ စိပ် တို့ပူးပေါင်း၍ စုစုပေါင်းအင်အား ၂၄ ဦး ဖြင့် ဝင်ရောက် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိ ရသည်။
“ဂိတ်မှာက အင်အား ၂၀ လောက်ပဲရှိပါတယ်၊ ရဲဘော် ၂၄ ဦးတည်းနဲ့ သွားတိုက်ခဲ့တာပါ၊ ထားဝယ်မြို့နဲ့ တအားနီးတော့ စစ်ကူရောက်လာတာ မြန်လို့ စခန်းမသိမ်းနိုင်ပဲ ပြန်ဆုတ်ခဲ့ရတာပါ” ဟု ထားဝယ် ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ပြည်သူ့နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အနေဖြင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် ကျဆုံးလုနီးနီးဖြစ်သော အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ အ မြန်ရုန်းထွက်ပြီး မိသားစုဘဝရှင်သန်ရေးအတွက်သာ အားထုတ်ကြိုးကြရန်နှင့် အလင်းဝင် ရောက်လာ မည့် စစ်ကောင်စီတပ်သားများနှင့်၄င်းတို့၏မိသားစုဝင်များကို လုံခြုံမှု၊ ချီးမြှင့်မှုများနှင့်အတူ နွေးထွေးစွာ ကြိုသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊အမှတ် ၁ တပ်ရင်းက ထုတ် ပြန် ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းရွာလမ်းခွဲရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Black Eagle Defence Force – MMU တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီမှ ၁၁ နာရီခန့်က မြင်းမူးမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲရှိ အထိုင်ချ စစ်တပ်စခန်းကို Black Eagle Defence Force-MMU တပ်ဖွဲ့မှ ဗုံးသီး ၈ လုံး၊ GTR တပ်ဖွဲ့မှ ဗုံးသီး၂ လုံး၊ Lightning Drone Force မိတ္ထီလာ တပ်ဖွဲ့မှ ဗုံးသီး ၂၄ လုံးတို့ဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိ ၊ မရှိ သိရှိနိုင်ရန် စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ က ဦးဆောင်ပြီး မြင်းမူမြို့နယ် ပ.က.ဖ Drone တပ်ဖွဲ့၊ Lightning Drone-Force မိတ္ထီလာ တပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ G.T.R Drone တပ်ဖွဲ့၊ Black Eagle Defence Force-MMU တပ်ဖွဲ့နှင့် MMDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
