29 C
Yangon

အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးနေအိမ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်၊ ရဟတ်ယာဉ်မောင်းများ၏ အိမ်ရာ အပါအဝင် ၄နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးနေအိမ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်၊ ရဟတ်ယာဉ်မောင်းများ၏ အိမ်ရာ အပါအဝင် ၄နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးနေအိမ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ် အပါအဝင် ၄နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း စစ်တိုင်းမှူး၏ လျှို့ဝှက်နေအိမ်အပါအဝင် ပစ်မှတ် လေးနေရာကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ) နှင့် မွန်ပြည်နယ်ပကဖ၊ KNDO တပ်ရင်း ၆ တို့ ပူးပေါင်းပြီး Kamikaze drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်သည့်နေရာများတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ လျှို့ဝှက်နေအိမ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်၊ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသော ရဟတ်ယာဉ်မောင်း ပိုင်းလော့များတည်းခိုသည့်ရိပ်သာ၊ မွန်ပြည်နယ် ရဲတပ်ရင်း ၁၅ ရဲတပ်ရင်းမှူးအိမ် စသည့် ၄ နေရာအား တပြိုင်နယ်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းမှ ပေါက်ကွဲသံများ ကြားရပြီး အထဲသို့ လူနာတင်ယာဉ်များ ဝင်သွားကြောင်း ဒေသခံ ပြည်သူများထံမှ တဆင့် ပြန်လည်ကြားသိရကြောင်း၊ ထို့အတူ မွန်ပြည်နယ် စကစ ဝန်ကြီးချုပ်နေအိမ်သို့ တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကြားသိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးပေ။

ယခုတိုက်ခိုက်မှုသည် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ တိုက်ပွဲများတွင် အဓိက အမိန့်ပေးညွှန်ကြားနေသော စစ်ကောင်စီ၏ ပြည်နယ်အဆင့် ပုဂ္ဂိုလ်များကို အဓိကပစ်မှတ်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မူလက စစ်တိုင်းမှူးနေအိမ်ကို ဆောင်ရွက်ရန် ပြင်ဆင်ခဲ့သော်လည်း အတွင်းသတင်းရင်းမြစ်တစ်ခုအရ တိုင်းမှူးသည် မူလနေအိမ်တွင် မနေဘဲ နေရာပြောင်းရွှေ့နေလျက်ရှိကြောင်း၊ အဆိုပါနေရာသည် ရတခ အတွင်းရှိ ရေတံခွန်စခန်းနား ကုက္ကိုလ်ပင် ၃ပင်ကြားတွင်ရှိကြောင်း၊ ညဆိုလျှင် ၉နာရီဝန်းကျင်ခန့်မှ ပြန်လာတတ်ကြောင်း၊ ရတခ အတွင်း ကစထမှူးရောက်နေပြီး အနီးကပ်ကွပ်ကဲနေ၍ တိုင်းမှူးမှာ မနက်အစောကြီးသွား၊ ညမိုးချုပ်မှပြန်လေ့ရှိသည်ဟု သတင်းပေးလာသဖြင့် အဆိုပါ လျှို့ဝှက်နေအိမ်အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်နှင့် နေပြည်တော် ဒေသများတွင် fix wing drone တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိပြီး Alpha Bats တပ်ခွဲအနေဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ယခုအကြိမ် တိုက်ခိုက်မှုနှင့်ဆိုလျှင် သုံးကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း။ ပထမအကြိမ်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဆောင်ရွက်ခဲ့ရာ ရတခ အရာရှိရိပ်သာသို့ ကျရောက်ပေါက်ကွဲပြီး ၂ ဦးထိခိုက်သေဆုံးခဲ့ခြင်း၊ ဒုတိယအကြိမ်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ဆောင်ရွက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ဗျူဟာမှူးနှင့်တပ်ရင်းမှူးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article