မူဆယ်တွင် တိုက်ပွဲများပြင်းထန်လာ၍ ပြည်သူများ တရုတ်နိုင်ငံ ရွှေလီဘက်သို့ ကူးကြသူများဖြင့် ကြိတ်ကြိတ်တိုးနေ
ရန်ကုန်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တိုက်ပွဲများ ပြင်းထန်လာ၍ ဒေသပြည်သူများမှာ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်အခြမ်းသို့ ကူးကြသူများဖြင့် ကြိတ်ကြိတ်တိုးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင် မူဆယ်မြို့နှင့် ကပ်လျက် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်တွင် နေထိုင်ကြသူများကို ရွှေလီသို့ ရွှေ့ပြောင်းနေထိုင်ကြရန် တရုတ်အာဏာပိုင်များက တိုက်တွန်းမှုများရှိလာပြီးနောက် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မူဆယ်မြို့မှ ပြည်သူများမှာလည်း တရုတ်နိုင်ငံ၊ ရွှေလီသို့ ကူးကြရန် ကြိတ်ကြိတ်တိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနက် ၆ နာရီခွဲမှာ တုံကင်ယူမယ့်သူတွေနဲ့ ကြိတ်ကြိတိုးနေပြီ။ မနက် ၇ နာရီမှာ ဟိုဘက်ကိုကူးဖို့အတွက် တုံကင်စပေးတယ်။ အခုတော့ နယ်စပ်ဂိတ် ဖွင့်ထားတုန်းပဲ။ သိပ်မကြာခင် ပိတ်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေတယ်။ အဲဒီတော့ လူတွေ အကုန်ပြုံတိုးနေကြတာ” ဟု ဒေသပြည်သူများက ပြောဆိုသည်။
မူဆယ်မြို့နယ်ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ မူဆယ်မြို့မှ ပြည်သူများမှာ လောက်ကိုင်မှ ပြည်သူများကဲ့သို့ ပိတ်မိမည်ကိုစိုးရိမ်၍ တရုတ်နိုင်ငံဘက်သို့ ကူးကြရန် အလုအယက်ဖြစ်နေကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“မူဆယ်အပြင်ကနေ ပြည်မဘက်ထွက်မယ်ဆိုတော့လည်း လမ်းတွေက အကုန်ပိတ်သွားပြီဆိုတော့ ထွက်ဖို့ မလွယ်တော့ဘူး။ အဲဒါကြောင့် တရုတ်ဘက်ကိုပဲ ကူးနေကြတာ” ဟု မူဆယ်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
မူဆယ်မြို့နယ်တွင် MNDAA ၊ TNLA နှင့် AA ၊ KIA ၊ PDF တို့ပါဝင်သော တော်လှန်ရေး မဟာမိတ်တပ်များက အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တပ်စခန်းများကို တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာလ ၃ ရက်နေ့ မူဆယ်မှ ရွှေလီဘက်သို့ ကူးရန် ကြိတ်ကြိတ် တိုးနေကြသူများ။