ပလက်၀တိုက်ပွဲတွင် စစ်ကောင်စီက Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများ အသုံးပြုနေဟု AA ပြော၊ စစ်ကောင်စီတပ်ကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု သတိပေး
ရန်ကုန်၊ ဒီဇင်ဘာ ၄
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်ကောင်စီက Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများ အသုံးပြုနေကြောင်း AA က ထုတ်ပြန် ပြောဆိုလိုက်သည်။
ပလက်ဝမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ “တရွန်အိုင်ဗျူဟာ”နှင့် “နှုးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးကို ရက္ခိုင့်တပ်တော်AA က နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်ရက်တည်း ရှေ့ဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗျူဟာကုန်းကြီးနှစ်ခုစလုံးကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရက်ပေါင်း ၂၀ ကြာမြင့်လာချိန်တွင် စစ်ကောင်စီက အပြင်းအထန် ခုခံနေကြောင်း၊ ယမန်နေ့တစ်ရက်တည်းတွင်ပင် စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် ၃၀ ကျော်အထိ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆ နာရီ ၃၈ မိနစ်အချိန်တွင် စစ်ကောင်စီက Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုပြီး ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး၏ အထိနာသော ကာလမျိုးတွင် သုံးစွဲခဲ့ဖူးကြောင်း သိရှိရသည်။
ယမန်နေ့တွင် AA ၏ ထိုးစစ်မှာ အမြင့်ဆုံးဖြစ်ပြီး စစ်တပ်ကလည်း လေကြောင်းပစ်ကူ အများဆုံးလုပ်ဆောင်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါ ဗျူဟာကုန်း ၂ ခုစလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊
အထိနာနေသောစစ်ကောင်စီတပ်က စစ်ဆင်ရေးပစ်မှတ်မဟုတ်သော အနီးအနားရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာများကို မီးရှိ ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့်စစ်ရာဇဝတ်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း AA က ပြောဆိုသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေသော မှတ်တမ်းများကို ရဲရဲဝံ့ဝံ့အမိအရရိုက်ကူးမှတ်တမ်းတင်ထားကာ နီးစပ်ရာ အာရက္ခပြည်သူ့အစိုးရအဖွဲဝင်များထံသို ပေးပို့ကြရန် တိုက်တွန်းထားသည်။
အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ စစ်ကောင်စီတပ်က ပေါက်တောမြို့ ကို ကြည်း၊ ရေ၊ လေ သုံးခုပေါင်းကာ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ပေါက်တောမြိုတွင်းတိုက်ပွဲသည်လည်း အရှိန်မြင့်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန် ပုဏ္ဏားကျွန်းမြိုနယ် “ရဲရိုးပြင်ကျေးရွာ”ကို ခလရ ၂၇၀ တပ်ရင်းက တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှိဖျက်ဆီးခဲ့ကြောင်း၊ ဒေသမှ ရွာသားတချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၄ နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြိုနယ် “ခမောင်းတောကျေးရွာ” ကို ခလရု ၂၇၀ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထပ်မံမီးရှိခဲ့ကြောင်း ၊စစ်ကောင်စီတပ်သည် စပါးရိတ်သိမ်းနေသော တောင်သူလယ်သမားများကို လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ရှိ ဈေးများကိုမီးရှိ့ ခြင်း၊ ညအချိန်များတွင် ရပ်ရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရပ်ရွာများကို ဗုံးကြဲခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို အစီစဉ်ချပြီး တစ်နေ့ထက်တစ်နေ့ ထပ်မံကျူးလွန်လျက်ရှိသည်ဟု AA က ပြောဆိုထားသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးခဲ့သော စစ်ကောင်စီ၏ တပ်ဖွဲ၊ တပ်ရင်း၊ တပ်မများကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်များဖြင့် စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီး ၎င်းတို့ကို အမြန်ဆုံး လက်တုံပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။