တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးရှိူ့ဖျက်ဆီးသဖြင့် နေအိမ်အများအပြား ပြာကျပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်း၊ တမူးမြို့တောင်ဘက် ၁၀ မိုင်အကွာ၊ ကလေး – တမူး လမ်းမပေါ်က ထန်းတပင်ကျေးရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီး တွေက မနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
” အဓိက ကတော့လမ်းမကြီးဘေးက အိမ်ကြီးအိမ်ကောင်းတွေကို အကုန်ရှို့တာ။ မီးလောင်တဲ့အိမ်အရေအတွက်မသိရသေးဘူး။ တော်တော်တော့များမယ်” လို့ တမူးမြို့နယ် ဒေသပြည်သူတစ်ဦးက ပြောပါတယ်။
ထန်းတပင် ကျေးရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး ရွာခံအများစုဟာ ဒေသတွင်းတိုက်ပွဲတွေနှင့် တမူးစစ်ကောင်စီတပ်က ထုတဲ့လက်နက်ကြီးတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
” သူတို့က (ပျူတွေ) က သက်သက်လက်စားချေတာလို့မြင်တယ်။ ဒီရွာ တိုက်ပွဲတုန်းက သူတို့ထဲကတချို့(ပျူစောထီးတွေ) သေလို့ ပြည်သူ့နေအိမ်တွေကိုသပ်သပ်ကိုမီးရှို့တာ။ ဒါက တနိုင်ငံလုံးသူတို့လုပ်နေကြပဲ” လို့ ကလေး ကဘော်ဒေသခံ တစ်ဦးကပြောပါတယ်။
ထန်းတပင်ကျေးရွာ စာသင်ကျောင်းဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်တပ်နှင့် ပျူစော ထီးတွေကို နိုဝင်ဘာ ၂၁ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါ ထန်းတပင်ရွာတိုက်ပွဲမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင် ကြံ့ဖွံ့တမူးကိုယ်စားလှယ်ဟောင်း မြင့်အောင်အပါအဝင် ပျူစောထီးလေးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိအချိန်မှာ တမူးခရိုင် ခမ်းပတ်မြို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီက ချင်းပြည်နယ် စခန်းသိမ်းတိုက်ပွဲက နေထွက်ပြေးလာတဲ့ စစ်သားတွေကို တမူး၊ကလေးဘက်မှာ အင်အား ဖြည့်ထားပါတယ်။
ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နဲ့ လိုင်းလင်းပီမြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေက အိန္ဒိယ နိုင်ငံထဲကိုထွက်ပြေးခဲ့ကြတာဖြစ်ပြီး အိန္ဒိယစစ်တပ်က မိုးရေးမြို့ကနေ မြန်မာနိုင်ငံ၊ တမူးဘက်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။