ရခိုင်တွင် ဘဏ်အပါအဝင် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများအားလုံး အကန့်အသတ်ဖြင့်သာ ငွေထုတ်၍ရ
ရန်ကုန်| ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ရေလမ်း၊ ကုန်လမ်းအားလုံးပိတ်ဆို့ခဲ့ပြီးနောက်ပိုင်း ဘဏ်အပါအဝင် တစ်ခြားငွေလွှဲ ငွေထုတ်လုပ်ငန်းများမှာ အကန့်သတ်ဖြင့်သာ ငွေထုတ်ယူ၍ ရသည့်အနေအထားဖြစ်နေကြောင်း ဒေသတွင်းနေထိုင် သူများကပြောသည်။
ရခိုင်ပြည်နယ်ရှိ ပုဂ္ဂလိက ဘဏ်များတွင် လက်ရှိငွေထုတ်ယူ၍ရသည့် ပမာဏမှာ တစ်ဦးလျှင် ၂ သိန်းမှ ၅ သိန်းကြား၊ Wave pay၊ K pay ငွေလွှဲငွေထုတ်ဝန်ဆောင်မှုများတွင်လည်း တစ်ရက်အတွင်း အကန့်သတ်များဖြင့်သာ ငွေထုတ်ပေးမှုရှိပြီး ငွေလွှဲသူမရှိပါက ထုတ်ယူ၍ မရသည့်အခြေနေများရှိနေခြင်းဖြစ်သည်။
ငွေလွှဲငွေထုတ်အခြေနေများမှာ ဘဏ်များတွင်အဓိကမူတည်နေပြီး ဘဏ်များမှာလည်း လတ်တလောလမ်း ကြောင်းပိတ် ထားမှုအခြေအနေကြောင့် ငွေကြေးလည်ပတ်နိုင်မှုနည်းပါးလျှက်ရှိသည်ဟု ကမ္ဘာ့ရတနာဘဏ် ဝန်ထမ်းတစ်ဦးကပြောသည်။
“တစ်ရက်မှာ ငွေကဘယ်လောက်လည်ပတ်မယ်ဆိုတာ ခန့်မှန်းထားလို့မရဘူး။ ထုတ်တဲ့သူတွေကိုလည်း ဘယ်လောက်ရနိုင်မယ်လို့အာမ မခံနိုင်ဘူး။ အလွှဲရှိရင်တော့ အထုတ်လည်းရသွားကြတယ်။ မရှိရင် ဘယ်သူမှ မရတဲ့နေ့တွေရှိတယ်။ ငွေလည်ပတ်နိုင်ဖို့က လမ်းကြောင်းလည်းမဖွင့်တော့ အရင်လို လိုသလောက်မထုတ် ပေးနိုင်တော့ဘူး ” ဟုပြောသည်။
ကမ္ဘာ့ရတနာဘဏ်အပြင် တစ်ခြားဘဏ်များတွင်လည်း ငွေကြေးကိုအကန့်အသတ်ဖြင့်သာထုတ်ပေးပြီး ကမ္ဘောဇဘဏ်တွင်ဆိုလျှင် လူတစ်ဦးလျှင် ၂ သိန်းခန့် တစ်ပတ်ကို ၁ ကြိမ်နှုန်းဖြင့်သာ ထုတ်ပေးမှုရှိသည်။
ပုဂ္ဂလိကဘဏ်များအပြင် ပြင်ပလူသုံးများသည့် ငွေလွှဲငွေထုတ်လုပ်ငန်းများဖြစ်သည့် Wave pay နှင့် KBZ pay တို့မှလည်း ထိုနည်းတူစွာငွေထုတ်ယူ၍မရသည့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိပြီး ထိုအခြေနေကြောင့် နယ်ဖက်မှလာရောက် သည့်သူများ များစွာအကျပ်တည်းဖြစ်လျှက်ရှိနေသည်ဟု မြို့ပေါ်သို့ ငွေလာရောက်ထုတ်သည့် ကျောက်တော်နယ်မှ ဒေသခံတစ်ဦးကပြောသည်။
“ဟိုတစ်နေ့က သားဆီက Wave နဲ့ လွှဲလိုက်တဲ့ ငွေ ၇ သိန်းသွားထုတ်တာ ဘယ်မှာမှ ထုတ်မရခဲ့ဘူး။ တစ်ဆိုင်ကတော့ ၅ သောင်းပဲရမယ်ပြောတယ်။ နယ်ကလူတွေက အခုအခြေနေအရလည်း မြို့တစ်ခါသွားဖို့ဆိုတာသိပ်မလွယ်ဘူးလေ။ ဓာတ်ဆီတွေကလည်းရှာမရ တာနဲ့ လမ်းစရိတ်ကုန်တာပဲရှိတယ်” ဟုပြောသည်။
လက်ရှိ ငွေကြေးလည်ပတ်မှုခက်ခဲနေသည့်အခြေနေမှာ စစ်ကောင်စီမှ ရခိုင်ဖက်လမ်းကြောင်းများ အားလုံးအား ကန့်သတ်ပိတ်ဆို့လိုက်ပြီး နောက်ပိုင်းဖြစ်ပြီး ထိုအခြေနေကြောင့် လူမှုဘဝများစွာ အကျပ်အတည်းများ ဖြစ်ပေါ်လျှက်ရှိနေကြသည်။
စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ပိတ်ဆို့ခဲ့သည့် လမ်းကြောင်းများကြောင့် ရခိုင်ပြည်တွင်းရှိ သန်းနှင့်ချီသည့် ပြည်သူများမှာ လက်ရှိငွေကြေးဆိုင်ရာအခက်ခဲအပြင် စားနပ်ရိက္ခာပြတ်လာခြင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးစသည့်အရာများစွာ၏ အကျပ်တည်းအခက်ခဲများဖြင့် ကြုံတွေ့လျက်ရှိနေကြကြောင်း သိရှိရသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)