မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ သရက်ချောင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ခွပ်ဒေါင်းမာန် PDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် ကျောက်ရစ်ရဲစခန်းမှ ကင်းရွာ ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲပြီးတော့ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ကျနော်တို့မှာက လက်နက်အင်အားကလဲ မပြည့်မစုံနဲ့ဆိုတော့ ကာထားရုံပဲ တားပေးနိုင်တာ၊ သူတို့က ရွာထဲကို တရစပ်ပစ်ပြီးဝင်တာ၊ ကျနော် တို့မှာက ကျည်အင်အားမရှိတော့ ပြန်ဆုတ်ခဲ့ရတာ၊ ပြည်သူတွေရဲ့ပိုက်ဆဲတွေ၊ ဖုန်းတွေ၊ လက်ဝတ် လက်စားတွေ အတင်းလုယူသွားတယ်၊ မနက်ပိုင်းကပဲ ပြည်သူတွေကို ဓားစာခံဖမ်းပြီး ပြန်ဆုတ်သွား တာ၊ လမ်းမှာတော့ ပြည်သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ခွပ်ဒေါင်းမာန် PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ခွပ်ဒေါင်းမာန် LPDF ၊ ရပ်ကျေး ပကဖ နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၅ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အပြင်းအထန်ခုခံတိုက်ခိုက်လို သော်လည်း လက်နက်ခဲယမ်း ကူညီထောက်ပံ့ပေးမည့် အလှူရှင် လိုအပ်လျက်ရှိကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်သားများသည် ကင်းကျေးရွာအတွင်းသို့ တရစပ်ပစ်ခတ်ဝင်ရောက်ကာ ပြည်သူ များကို ဖမ်းဆီးပြီး လက်ဝတ်ရတနာများ၊ ဖုန်းများ၊ ပြည်သူပိုင်ပစ္စည်းများကို မတရား သိမ်းယူကာ ပြည်များကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကျောက်ရစ်ရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ လမ်းတဝက်အရောက်၌ ဖမ်းဆီးလာသော လူသားဒိုင်းကာ ပြည်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ် လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၁၃ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် ညောင်ဇင်ရွာအကြားတွင် အကြမ်း စစ်ကောင်စီ တပ်သားများ စီးနင်းလာသော အိမ်စီး ကား ၃ စီးကို ထားဝယ်လူငယ်လက်ရုံးတပ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ ၂ မှ ထုတ်လုပ်ထားသော မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းယာဉ်တန်း၏ နောက်ဆုံးကားဖြစ်သော ပရိုဘောက်ကားနောက်ပိုင်းကို မိုင်းထိမှန်ခဲ့ပြီး စစ် ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ် လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါး တပ်ခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရပ်ရွာနေ ပြည်သူများနှင့် လုံးဝ မ သက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။

