မုံရွာမြို့နယ် ကျောက်ဆစ်ပုံရွာအနီး အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက်ဆစ်ပုံရွာအနီးအမြောက်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တာဝေးပစ်လက်နက်ကြီးများ၊ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း Black Vote Fighterမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာ ၅ ရက်နေ့ ည ၇ နာရီအချိန် တော်လှန်ရေးအဖွဲ့များက မုံရွာမြို့နယ် ကျောက်ဆစ်ပုံရွာအနီးအမြောက်တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကျောက်ဆစ်ပုံရွာအနီး အမြောက်တပ် မီတာ ၅၀၀ အတွင်း ဗုံးသီးများနဲ့ သွားရောက်ပစ်ခက်တိုက်ခဲ့ပါတယ်။ ဒေသခံသတင်းပေးမှု စကစဘက်မှ ၁၀ ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရသတင်းရရှိခဲ့ပါတယ်” ဟု Black Vote Fighter မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
တိုက်ခိုက်မှုကို Black Vote Fighterအဖွဲ့၊ One Starအဖွဲ့ ၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့ ၊ FBGA ၊ SBTF၊ Eagle Defense Force Salingyi ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အာဠာဝက၊ B D F အဖွဲ့ နှင့် အခြားမဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
