26 C
Yangon

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ အသင်းက လောင်စာဆီခွဲတမ်းများကို နေ့စဉ် ၁ ရက်စာသာ ခွဲဝေပေးပြီး လုံလုံလောက်လောက်မရ၊ နယ်ဆီဆိုင်များက စစ်ကောင်စီသတ်မှတ်စျေး အပြင် ဒေါ်လာပေါက်စျေးပေါ်မူတည်၍ ငွေထပ်ပေးရမည်

Must read

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ အသင်းက လောင်စာဆီခွဲတမ်းများကို နေ့စဉ် ၁ ရက်စာသာ ခွဲဝေပေးပြီး လုံလုံလောက်လောက်မရ၊ နယ်ဆီဆိုင်များက စစ်ကောင်စီသတ်မှတ်စျေး အပြင် ဒေါ်လာပေါက်စျေးပေါ်မူတည်၍ ငွေထပ်ပေးရမည်

ရန်ကုန်၊ ဒီဇင်ဘာ ၉

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူး ရေးအသင်းက လောင်စာဆီခွဲတမ်းများကို နေ့စဉ် ၁ ရက်စာသာ ခွဲပေးပြီး လုံလုံလောက်လောက် မရရှိကြောင်း စက်သုံးဆီ ရောင်းချသူတချို့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သော ဒေါ်လာများကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချမှု ရပ်ဆိုင်းချိန်မှစတင်ပြီး စျေးကွက်အတွင်း ၄ ရက်မြောက် အဖြစ် စက်သုံးဆီ မလုံလောက်ဘဲ ပြတ်လပ်မှုများ စတင် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်သုံးဆီတင်သွင်းရန်အမေရိကန်ဒေါ်လာ လိုအပ်ချက် ကြီးမားနေပြီး လက်ရှိတွင် ပြည်တွင်းစျေးကွက်အတွင်းသို့ စက်သုံးဆီ ခွဲတမ်းကို ၁ ရက်စာဆီသာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ အသင်းက ချထားပေးကြောင်း၊ ထို့ကြောင့် နေ့စဉ် စက်သုံးဆီ မလုံလောက်သည့် ပြဿနာ တက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နယ်ဆီဆိုင်များမှာလည်း စက်သုံးဆီ ရရှိမှု အလွန်နည်းပါးနေပြီး နယ်ဆီသယ်ကားများမှာ ဦးစားပေး ခံရခြင်းမရှိ၍ စက်သုံးဆီ ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း၊ ယင်းအပြင် နယ်ဆီဆိုင်များအနေဖြင့် စစ်တပ်က သတ်မှတ်ထားသော စက်သုံးဆီစျေးအပြင် ဒေါ်လာပေါက်စျေးအပေါ် မူတည်၍ စက်သုံးဆီအတွက် ငွေထပ်ပေးရမည်ဟု ဆီတင်သွင်းသည့်ကုမ္ပဏီများက အသိပေးထားကြောင်း သိရှိရသည်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က ဦးစားပေး ဖြစ်တယ်။ နယ်တွေအားလုံးက ဆီလည်း လုံလုံလောက်လောက်လည်းမရဘူး။ ဆီဘောက်ဆာကားတွေဆို အချိန်ကြာမြင့်စွာ စောင့်ရတယ်။ ဒါ့အပြင်ကို ဆီသွင်းတဲ့ကုမ္ပဏီတွေက စစ်တပ်က သတ်မှတ်စျေးအပြင် ဒေါ်လာစျေးပေါ် မူတည်ပြီးတော့ စက်သုံးဆီအတွက် ငွေပိုပေးရမယ်ဆိုပြီး လုပ်နေတယ်။ စျေးကျတော့ရော လျှော့မပေးခဲ့ကြဘဲ အခု ဒေါ်လာစျေးနှုန်းရှင်ဖြစ်မှ အတက်ပဲ ရှိချိန်မှာ ဒီလိုလုပ်ကြတာ။ စစ်တပ်က ရားဝင်သတ်မှတ်ပြီး ရောင်းချထားတဲ့ ဈေးကို သူတို့က ထပ်တောင်းတာ။ စျေးကျရင် သူတို့က လျော့ပေးမှာ မဟုတ်ဘူး

ခုက တမင် ယုတ်တာ။ အပေါ်က ထုတ်တဲ့ စာကို စောက်ရေးတောင် မစိုက်ဘူး ဆိုတဲ့ အထာလုပ်တာ။ အခု ဖြစ်နေတာလည်း အင်ပိုတာတွေ လက်ချက် အများကြီးပါတယ်။ ခရိုနီ တွေက သူတို့ အတွက် မသာရင် အလုပ်မလုပ်ချင်ဘူး။ ရောင်းပြီးသား ဆီကို ငွေထပ်တောင်းတာ မြန်မာ ပြည်မှာဘဲ ရှိတယ်” ဟု နယ်ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီများကို လုံလောက်စွာ ရရှိခြင်းမရှိသေးဘဲ ဒေါ်လာ ရရှိမှုအပေါ် မူတည်၍ စက်သုံးဆီများ စျေးကွက်အတွင်း ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article