25 C
Yangon

တာမွေတွင် ဆန္ဒပြလူငယ် ၂ ဦး ပစ်သတ်ခံရမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

Must read

“တာယာမီးရှို့ပြီး ကားလမ်းကူး ပြေးတဲ့အချိန်မှာ အရပ်ဝတ်တွေက သေနတ်တွေနဲ့လိုက်ပစ်တာ။ လဲကျပြီး သေနတ်မှန်သွားတဲ့အချိန်မှာလည်း သွေးတွေ ထွက်နေတာတောင် ဘာမှ မလုပ်ဘဲ အကြာကြီး ပစ်ထားတာ။ သွေးထွက်လွန်တာနဲ့တင် သေမယ့်အခြေအနေ”

တာမွေတွင် ဆန္ဒပြလူငယ် ၂ ဦး ပစ်သတ်ခံရမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရန်ကုန်၊ မြို့နယ်တချို့တွင် ယမန်နေ့ညနေပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကားလမ်းပေါ် တာ ယာ မီးရှို့ဆန္ဒပြကြရာ တာမွေမြို့နယ်၊ သီတာလမ်းထိပ် ဆန္ဒပြပွဲတွင် ဆန္ဒပြ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် ကျဆုံးကာ သပိတ်အဖွဲ့ဝင်လူငယ်တချို့ အဖမ်းခံခဲ့ရသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့ က တာမွေမှာ လူငယ်တွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကို မြင်ခဲ့သလောက်ပြောပေးပါဦး။

ဖြေ။ ။ ဖြစ်တာက ညနေ ၆ နာရီကျော်ပြီ ၇ နာရီဝန်းကျင်လောက်ရှိမလား မသိဘူး။ အချိန်အတိအကျတော့ မမှတ်မိဘူး။ လူငယ်လေးတွေ ၅ ဦးလောက်ရှိမယ်ထင်တယ်။ ကားလမ်းပေါ်တက်လာပြီး မီးရှို့တယ်။ တာယာကွင်းတစ်လုံးချတယ်။ ပြီးတော့ ချက်ချင်း သူတို့ ပြန်ပြေးသွားတာ။ အဲဒီအချိန် အရပ်ဝတ်တွေနဲ့ လူတွေ ၈ ဦးလောက်ရှိမလားပဲ။

နေရာပေါင်းစုံက ထွက်လာပြီး နောက်ကနေ လိုက်တာ။ ညာသံပေးလိုက်တာ။ သေနတ်တွေလည်းပါတယ်။ ကားလမ်းမကြီးပေါ်ကနေ လမ်းထဲ မရောက်ခင်မှာ စပစ်တာပဲ။ ဖြစ်တဲ့နေရာက တာမွေရဲစခန်းနဲ့ အတော်နီးတဲ့နေရာမှာ ရှိနေတာ။

မေး။ ။ ပစ်တော့ ထိသွားလား။

ဖြေ။ ။ ပစ်တာက ဆက်တိုက်ပဲ။ ပထမ ပစ်ပစ်ချင်း မထိဘူး။ နောက်အချက်တွေမှာ ထိပြီး လူငယ်လေးတစ်ဦးလဲသွားတယ်။ အဲဒီအချိန်က လမ်းပေါ်မှာကားလည်း ရှင်းနေတယ်။ လူတွေလည်း ရှင်းနေတယ်။ ကျနော်မြင်လိုက်တာကတော့ လူငယ် ၁ ဦးထိပြီး လဲသွားတယ်။ အဝေးကနေ လှမ်းကြည့်တာတော့ ကျည်ထိသွားတဲ့ လူငယ်က လှုပ်ကို မလှုပ်တော့ဘူး။ အဲဒီလူငယ်ကို အရပ်ဝတ်တွေက ပစ်ထားပြီး နောက်ထပ် လူငယ်တွေကို ပြေးလိုက်တယ်။ သေနတ်သံတွေလည်း ထပ်ကြားရတယ်။ သေနတ်သံက မရှိဘူးဆိုရင် အနည်းဆုံး ၄ ၊ ၅ ၊ ၆ ချက်ပဲ။

မေး။ ။ လူငယ် ၂ ဦး သေတယ်လို့ သတင်းတွေသိထားတာ ၁ ဦးပဲ ထိတာ မြင်လိုက်တာလား။

ဖြေ။ ။ လူငယ် ၂ ဦး ထိတာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ပြေးနေတဲ့ လူငယ်တွေကို နောက်ကနေ သေနတ်နဲ့ ချိန်ပြီး ဆက်တိုက် ပစ်တာ။ ကျနော့်အထင် ရုပ်ရှင်တွေထဲမှာလို ဆက်တိုက် အော်တို အချက်ပေါင်းများစွာ ပစ်လို့ရတဲ့ သေနတ်မျိုးတွေ။ သေနတ်က ဆက်တိုက် ပစ်တာ။ ကျနော်မြင်လိုက်ရတဲ့ လူငယ်တောင် ထိတာနဲ့ ခွေကနဲ လဲကျသွားတာ။ မလှုပ်ဘူး။ အဲဒါကို ပစ်ထားပြီး ထွက်ပြေးတဲ့ အခြားလူငယ်တွေကို ညာသံပေးပြီး လိုက်ပစ်တာဆိုတော့ လူငယ် ၂ ဦး ထိပြီး သေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ကျနော်မြင်လိုက်တာကတော့ ၁ ဦးတည်း လဲကျသွားပြီး မလှုပ်တော့တာပဲ မြင်တယ်။ သေနတ်သံတွေ ထပ်ကြားရတော့ နောက်ထပ်လူငယ် ၁ ဦး ထပ်ထိပြီး သေတာဖြစ်နိုင်တယ်။ သူတို့ ပြေးလိုက်သွားပြီး ပစ်တာကို ကျနော် လိုက်ပြေးကြည့်လို့မရဘူးလေ။ တကယ်တမ်း ပစ်တဲ့အချိန်မှာ အကုန်လုံး အနားက လူတွေပါ ပြေးကုန်ကြတာ။ ကျနော်က ကားရပ်ထားတာရယ်၊ ကျနော်ရပ်နေတဲ့ နေရာက မြင်ကွင်းကို သေချာမြင်နေရတာရယ်ကြောင့်ပါ။

မေး။ ။ ဒီဖြစ်စဉ်ကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ လူငယ်လေးတွေမှာ ဘာလက်နက်မှ လည်း မပါဘူး။ တာယာမီးရှို့ ဆန္ဒပြပြီး ထွက်ပြေးတာ နောက်ကနေ အမဲလိုက်သလို အော်တိုသေနတ်တွေနဲ့ပစ်တာ။ အရမ်းရက်စက်တယ်။ လူငယ်လေးတွေက ကျနော့်အထင် ၁၈ နှစ်အောက်လေးတွေ ဖြစ်မယ်။ ၉ တန်း ၊ ၁၀ တန်းကျောင်းသားလေးတွေလောက်ပဲ ဖြစ်မယ်။ အရပ်နဲ့ အရွယ်ကို မှန်းကြည့်ရတာ။ စိတ်ထဲတော့ အဲဒီမြင်ကွင်းက အခုအချိန်အထိ မထွက်သေးဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article