ခမောက်ကြီးမြို့နယ်၊ ဖော့သုတ်ရာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ ဖော့သုတ်ရာ အနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ခမောက်ကြီးမြို့နယ်၊မာရမ်းဒေသ မာရမ်းကျေးရွာ ခမရ ၅၈၄ မှ တပ်ရင်းမှူး ဦးစီးသည့် အင်အား ၅၀ခန့်သည် လက်နက် ခဲယမ်းအပြည့်စုံနှင့် မြေတင်ကားကြီး ၁ စီး၊ အိမ်စီးကားငယ် ၂ စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖော့သုတ်ကျေးရွာ အလွန်တွင် ကားများကိုရပ်နားပြီး အင်အား ၂၀ ခန့်ဖြင့် ရှေ့ပြေး ကင်းထောက်အဖွဲ့နှင့် ခြေလျင် စစ်ကြောင်းထိုးလာစဥ် ကော့သောင်း ပကဖ အဖွဲ့က စောင့်ကြို ကင်းပုန်းဝတ်ကာ ဖော့သုတ်ကျေးရွာ သင်္ဂျိုင်း အနီးသို့ နံနက် ၁၀ နာရီ ၃၀ မိနစ်၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း ကော့သောင်း ပကဖ က လက်ဦးမှု ရယူကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ရှေ့ပြေး ကင်းသမား ၂ ဦးကို ထိမှန်သေဆုံးခဲ့ပြီး နှစ်ဘက် အပြန်လှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားကာ ကော့သောင်း ပကဖ အဖွဲ့ဘက်မှ ကျည်မလုံလောက်ခြင်း၊ လူအင်အား လက်နက် အင်အားမမျှခြင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ကူများ အချက်၂၀ခန့် အဆက်မပြတ် ပစ်ကူပေးနေခြင်းများကြောင့် သေဆုံးသွားသော ဒုတပ်ကြပ်၏ MA-1 သေနတ် ၁ လက်အား ကောက်ယူ၍ တော်လှန်ရေး ရဲဘော်မိား အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြောင်း သိရှိရသည်။
” တိုက်ပွဲအတွင်းမှာ ရှေ့ပြေးကင်းအဖွဲ့က စစ်ခွေး ၂ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရတယ်။ MA-1 သေနတ် ၁ လက် ကောက်ယူနိုင်ခဲ့ပါတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေကော စစ်ကူတွေပါ ထပ်ရောက်လာလို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့တယ်။ ဒေသ ပြည်သူတွေ ပြောပြချက် အရ စစ်ခွေး ၈ ကောင်သေပြီး ခမောက်ကြီးဘက်ကို အလောင်းတွေ သယ်သွားတယ်လို့ သိရတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဖော့သုတ်ရွာ သင်္ဂျိုင်းရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများကို ခေါ်ယူစစ်ဆေးနေပြီး ဖော့သုတ်ကျေးရွာမှ ဈေးဆိုင်ပိုင်ရှင်များကိုလည် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သင်္ဂျိုင်းဇရပ်ကို ခေါ်ယူ၍ တချို့ ဆိုင်ပိုင်ရှင်များသည် မသွားရောက်သောကြောင့် ကျေးရွာအနီးကို လက်နက်ကြီးတစ်ချက် ပစ်ခတ်ပြီး ခြိမ်းခြောက် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ထို့ပြင် နန္မနွယ်တံတားထိပ်ရှိ ရာဘာခြံ တောင်ပေါ်နှင့် လမ်းဆုံလမ်းခွ နေရာများတွင်လည် ကင်းပုန်းများထားရှိပြီး ဒရုန်းဖြင့် စောင့်ကြည့် ကင်းထောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။