နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုံ မြို့နယ်တို့ရှိ စစ်စခန်းများကို TNLA က တိုက်ခိုက်၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြာင်းဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နှင့် မန်တုံ မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို TNLA က တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်းနှင့် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကွတ်ခိုင်တပ်စခန်းကိုလည်း ညနေ ၄ နာရီ ၅၀ မိနစ် ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၁၃၀ တပ်စခန်းနှင့် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာတပ်စခန်းတို့ကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ကလည်း နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲ ဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းကို လက်နက်ကြီးဖြင့် ၁၂ ကြိမ် ပစ်ကူပေးခဲ့ကြောင်း၊ ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုင်းငေါ့နှင့် ကျောက်မဲတပ်စခန်းမှ ဟူစွန်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်မဲမြို့နယ် ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကလည်း အထက်ညောင်ကုန်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်ကို Mi35၊ Y12၊ Jet Fighter တို့ဖြင့် ၁၁ ကြိမ် ဗုံးကျဲ ပစ်ကူပေးခဲ့ကြောင်း သိရသည်။