31 C
Yangon

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီ ဝယ်ယူ ရရှိရေးအတွက် ညလုံးပေါက် ကားထဲတွင် ညအိပ်ရခြင်း၊ ကားလမ်းဘေး ခြင်ထောင် အိပ်စောင့်၍ ဆီဆိုင်များတွင် တန်းစီလာရ

Must read

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီ ဝယ်ယူ ရရှိရေးအတွက် ညလုံးပေါက် ကားထဲတွင် ညအိပ်ရခြင်း၊ ကားလမ်းဘေး ခြင်ထောင် အိပ်စောင့်၍ ဆီဆိုင်များတွင် တန်းစီလာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီဝယ်ယူရရှိရေးအတွက် ညလုံးပေါက် ကားထဲတွင် ညအိပ်ရခြင်း၊ ကားလမ်းဘေး ခြင်ထောင် အိပ်စောင့်၍ ဆီဆိုင်များတွင် တန်းစီလာရမှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မနက် ၃ နာရီခွဲလောက် ထသွားတာတောင် ဆိုင်ရှေ့မှာ ကားတွေ ရှိနေတော့ မထူးဘူးဆိုပြီး ည ၉ နာရီလောက်ကတည်းက သွားတန်းစီတယ်။ ကားပေါ်မှာပဲအိပ်တယ်။ ညမထွက်ရ အမိန့်ရှိတော့ အပြင်တော့မထွက်ဘူး။ အပေါ့အပါးသွားတာကို ကားထဲ ရေသန့်ဗူးထဲ ပေါက်ထည့်လိုက်ရတာပဲ။ အလေးသွားချင်ရင်တော့ ဆီဆိုင်ထဲ လမ်းလျှောက်ပြီး အိမ်သာတက်ခွင့်တောင်းပြီး တက်တယ်။ အဲဒါ မနက် ၈ နာရီလောက်မှ ဆီအပြည့်အရတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်လိုပဲ သူများတွေလည်း ဒီလိုပဲ ညအိပ်တန်းစီနေကြတာ။ တချို့ဆို တရားထိုင် ခြင်ထောင်လိုမျိုး ရယ်ဒီမိတ်ခြင်ထောင်လေးတွေတောင် သယ်လာတယ်” ဟု တာမွေမြို့နယ်တွင် ဆီတန်းစီသူ အငှားယာဉ်မောင်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ဆီဆိုင်အများစုတွင် နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ကြိမ်ကိုသာ အဓိက ဆီရောင်းချနိုင်ပြီး အချိန်အတော်များများ ဆီသယ်ယာဉ်ကို စောင့်ဆိုင်းရကြောင်း သိရှိရသည်။

“မနက် ၅ နာရီလောက်ကနေ မနက် ၁၀ နာရီ၊ ၁၀ ခွဲလောက်ဆို ဆီကုန်သွားပြီ။ ညနေဆိုရင် ၄ နာရီလောက်ကနေ ၉ နာရီလောက်အထိ ရောင်းပြီးရင် ဆီမရှိတော့ဘူး။ ကျန်တဲ့အချိန်တွေကတော့ ဆီဘောက်ဆာတွေနဲ့ သီလဝါမှာ သွားသယ်ရတယ်ပြောတယ်။ သီလဝါမှာလည်း ပွိုင့်တွေ အများကြီးမှာ လှည့်ထုတ်ရတော့ တော်တော်နဲ့ မပြီးလို့ ပြောတယ်” ဟု ကျွန်းတောလမ်း Max ဆီဆိုင်မှ အရောင်းဝန်ထမ်းက ပြောဆိုသည်။

ယခုအခါ စစ်ကောင်စီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များဖြင့် ဆီဆိုင်များကို ဆီအမှန်တကယ်ရောင်းချခြင်းရှိ၊ မရှိ လိုက်လံ စစ်ဆေးမှုများရှိ နေကြောင်း၊ သို့ရာတွင် လက်တွေ့မှာ ဆီများ လုံလောက်စွာ မပေးနိုင်၍ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဆီဆိုင်များဘက်က ရသမျှ ဆီအကုန်ရောင်းချပေးနေသည်ဟု ဆီဆိုင်ဝန်ထမ်းတချို့က ဆိုကြသည်။

“ဆီဆိုင်တိုင်းကတော့ ရောင်းပေးနေတာပါပဲ။ မရောင်းဘဲ သိုလှောင်ထားပြီး မှောင်ခိုရောင်းတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုက ရောင်းပေးနေပါတယ်။ အခု ဖြစ်နေတာက ဆီကို လုံလုံလောက်လောက် မရတဲ့ ပြဿနာပါ။ ၂၄ နာရီဆိုင်ဖွင့်ပြီး ရောင်းပေးလို့ရတဲ့ ဆီပမာဏ မရဘူး။ ဆီကို အကန့်အသတ်နဲ့ရနေတာ။ အဲဒါကြောင့်ပါ။ ဆီဆိုင်တွေဘက်မှာလည်း အခက်အခဲတွေ အရမ်းများတယ်။ ကားတန်းတွေ အများကြီးကို အဆင်ပြေပြေ နဲ့ ရောင်းပေးဖို့ ကြိုးစားရတာ အတော်ကို ခက်တဲ့ အခြေအနေပါ” ဟု စမ်းချောင်းမြို့နယ်၊အတွင်းရှိ ဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ စက်သုံးဆီတင်သွင်းသူများအတွက် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချပေးမှုများ ရပ်ဆိုင်းလိုက်ပြီးနောက် ယင်းကဲ့သို့ ဒေါ်လာ ဝယ်မရမှုနှင့် ဆီပြတ်လပ်မှုများ စျေးကွက်အတွင်း ဆက်တိုက်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article