တမူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်တွင် တမူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ တပ်စခန်း သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က အောင်ဇေယျတပ်ကုန်းရွာ၊ နန်းအောက်မော် ရွာ၊ စေတီရွာနှင့် စိုးသာယာရွာတို့ကို လှည့်ပတ်ဗုံးကျဲနေခြင်းဖြစ်ကြောင်း၊ နေအိမ်များ ပျက်စီးကာ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။
“ဒီနေ့ မနက် KNA Burma နဲ့ PDF တွေ အောင်ဇေယျတပ်ကုန်းကို အပြီးသိမ်းပိုက်ပြီးတဲ့နောက်မှာ စေတီရွာ၊ အောင်ဇေယျရွာ၊ နန်းအောက်မော်ရွာ၊ စိုးသာယာရွာစတဲ့ ရွာ ၄ ရွာကို စစ်တပ်က လှည့်ပတ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်နေတာပါ၊ ကျွဲအကောင် ၃၀ ကျော်သေပြီလို့ သိရတယ်၊ ဂျက်ဖိုက်တာနဲ့က ၃ ခါ လာတယ်၊ ဟယ်ရီကော်ပတာနဲ့က တစ်နေကုန်ပဲ အခုထိ ပစ်နေတုန်း၊ ပြည်သူတွေထိခိုက်မှုနဲ့ ဘယ် လောက်ထိခိုက်ပျက်စီးမှုရှိတယ်လို့ မသိရသေးဘူး” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တမူးမြို့နယ်ရှိ အကြမ်းဖက် စစ်သားများ၊ ရှမ်းနီ (SNA) တပ်ဖွဲ့၊ ကသည်း(UNLF) တပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသော အောင်ဇေယျ တပ်စခန်းကို ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ကူကီးအမျိုးသားတပ်မတော် (မြန်မာ ပြည်) KNA-Burma နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (PDF) များမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နံနက် ၈ နာရီခွဲခန့်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။