မြိုင်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကိုးကန့်ဒေသတွင် စစ်တပ်က MNDAA တပ်စခန်းများကို ခိုးဝင် တိုက်ခိုက်မှု MNDAA ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မကွေးတိုင်း၊ မြိုင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်အရှေ့ဘက် မြို့အဝင်ရှိ စီမံကိန်းရုံ တွင် တပ်စခန်းချ နေထိုင်သော အကြမ်းဖက် စစ်သားများကို တာဝေးပစ် ရိုင်ဖယ်ဖြင့် ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးဂိတ်၌ အထိုင်ချ နေထိုင်သော ပျူစောထီးများကို ၈၀ မမ လက်နက်ကြီးဖြင့် ၁၅ ကြိမ် ပစ်ခတ် တိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြိုင်မြို့၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မရကရုံး၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို 1 kg ထိပ်ဖူး ဗုံးသီး ၁၂ လုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု များပြားပြီး စစ်သား၊ ရဲနှင့် ပျူစောထီးများ ကြောက်လန့်နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ တပ်ရင်း၂ ၊ ဗိုလ်လင်းမြွေအဖွဲ့ မြိုင် Done တပ်ဖွဲ့နှင့် Myàing UAV Fighter တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်တပ်က MNDAA တပ်စခန်းများကို ခိုးဝင် တိုက်ခိုက်ရာ MNDAA ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ကိုးကန့် MNDAA တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၂၆ မိနစ်ခန့်တွင် ကိုးကန့် ရှီရှမ်းဒေသ ၊ တာရွှေထန် ကျေးရွာ အုပ်စု ၊ ဟုန်ရှိထုပ်ဟော်ရွာ၏ နောက်တောင်ကုန်းရှိ MNDAA ၏ ခံတပ်ကို အကြမ်းဖက် စစ်တပ်က ခိုးဝင်တိုက်ခိုက်ခဲ့ရာ MNDAA တပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်ဆုတ်သွားကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် မူပန်(သိန္နီ)ခရိုင်၏ အနောက်တောင်ဘက်ခြမ်း လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းများကို ရှင်းလင်းရေး လုပ်ဆောင်နေသော MNDAA တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရသည့် ရဲဘော်များကို ဆေးရုံသို့ပို့ဆောင်ကုသချိန် လမ်းတဝက် အရောက်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၆ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ MNDAA ရဲဘော် ဆ ဦး လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။