26 C
Yangon

နမ္မတူမြို့လမ်းဆုံရှိ စစ်တပ် စစ်ဆေးရေးဂိတ်က ဆိုင်ကယ်စီးလာသည့် လူ ၂ ဦးကို ပစ်သတ်၊ မိုးကောင်းမြို့တွင်း၌ ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က ပစ်သတ်

Must read

နမ္မတူမြို့လမ်းဆုံရှိ စစ်တပ် စစ်ဆေးရေးဂိတ်က ဆိုင်ကယ်စီးလာသည့် လူ ၂ ဦးကို ပစ်သတ်၊ မိုးကောင်းမြို့တွင်း၌ ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လမ်းဆုံ၊ အထက ၁ ကျောင်းအနီး အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က ဆိုင်ကယ်စီးလာသည့် လူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် နမ္မတူမြို့ လမ်းဆုံ၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအနီး အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကိုဖြတ်လာသည့် ဆိုင်ကယ်စီး လူ ၂ ဦးကို ဆိုင်ကယ် ရပ်တန့်ပေးခြင်း မရှိသောကြောင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

” ဒီမနက် နမ္မတူမြို့ လမ်းဆုံတစ်ခုမှာ တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရပ်ခိုင်းတာ မရပ်လို့ ပစ်သတ်တာ လူ ၂ ဦး သေဆုံးသွားတယ် ။ ဒေသ ပြည်သူတွေကတော့ ပစ်ခတ်မှုတွေ ထပ်ဖြစ်မှာ စိုးရိမ်နေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော SSPP ၏ ထုတ်ပြန်ချက်တွင်မူ နမ္မတူမြို့နယ် သတလ (၃) ရပ် ကွက် အထက(၁) အထက်တန်းကျောင်းအနီး မော်တော် ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် တအာင်း TNLA တပ်ဖွဲ့ ၃ ဦးကို စစ်ကောင်စီဘက်က ဝိုင်းဝန်းပစ်ခတ် သည့်အတွက်ကြောင့် နှစ်ဖက်ပစ်ခတ်မှု တိုက် ပွဲ ၁၅ မိနစ်အကြာဖြစ်ပွားပြီး TNLA တပ်ဖွဲ့ နှစ်ဦးကျဆုံးသွားသည်ဟု သတင်းဖော်ပြထားသည်။

အလားတူ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင်း၌ ဆိုင်ကယ်စီးလာသည့် ခရီးသွား လူငယ် ၁ ဦးကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မိုးကောင်းမြို့တွင်း တစ်နေရာတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားနှင့် ဆိုင်ကယ်တို့ ပွတ်မိရာမှ ကားပေါ်ပါသည့် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်သမား လူငယ်ကို ဆဲဆိုကြိမ်းမောင်းကြောင်း၊ ထို့နောက်စစ်တပ်က သေနတ်ပြခြိမ်းခြောက်သောကြောင့် ဆိုင်ကယ်သမား လူငယ်သည် ကြောက်၍ မောင်းပြေးကြောင်း၊ စစ်ကောင်စီတပ်သားများက ကားဖြင့် လိုက်တိုက်၍ လူငယ်အား ဖမ်းဆီးစဥ် ဆိုင်ကယ်သမား လူငယ်သည် ကျွန်းတောတံတားပေါ်မှ ခုန်ချ ရေကူး ထွက်ပြေးကြောင်း၊ စစ်တပ်က သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်သောကြောင့် တံတားပေါ်မှ ခုန်ချသော လူငယ်သည် သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

“အိမ်စီးကားနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ မိုးကောင်းမြို့နယ် ရဲစခန်းက စစ်ကောင်စီ တပ်သားတွေက တံတားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်လို့ တံတားပေါ်က ခုန်ချသွားတဲ့ လူငယ်က ပွဲချင်းပြီး သေဆုံးသွားတယ်။ အဲလိုပစ်သတ်ပြီးတော့ စစ်ခွေးတွေက လူမှုရေးအဖွဲ့ဆီ ဖုန်းခေါ်ကြတယ်။ မကြာခင် လူမှုကယ်ဆယ်ရေးအဖွဲ့လာတော့ စစ်ခွေးတွေလည်း တံတားပေါ်ကနေ ဆင်းလိုက်လာပြီ လူမှုကူညီရေးအဖွဲ့ကို ဖုန်းလုံးဝ အသုံးပြုခွင့်မပေးဘူး။ သူတို့ လူသတ်တာ ဖုံးချင်တဲ့သဘောပေါ့” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ-မိုးကောင်းမြို့မှ လူငယ်က ကြောက်လန့်၍ တံတားပေါ်မှ ခုန်ချ ရေကူးထွက်ပြေးစဉ် စစ်တပ်က တံတားပေါ်မှ လူငယ်ကို ပစ်သတ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article