25 C
Yangon

ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လာဘ်ငွေယူ မြန်မာနိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှု ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များမှစ၍ ဌာနပေါင်းစုံ ပါဝင်ပတ်သက်နေ

Must read

ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လာဘ်ငွေယူ မြန်မာနိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှု ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များမှစ၍ ဌာနပေါင်းစုံ ပါဝင်ပတ်သက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကျားဖြန့် လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသားများအပါအဝင် တရုတ်များကို လာဘ်ငွေယူ၍ မြန်မာနိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှုများ ပေါ်ပေါက်လာနေပြီး ယင်းမှတ်ပုံတင်ထုတ်ပေးမှုများတွင် လူ၀င်မှုကြီးကြပ်ရေး ၊ စစ်တပ်၊ ပြည်ထဲရေး အပါအဝင် ဌာနပေါင်းစုံ ပါဝင်ပတ်သက်နေကြောင်း လက၀ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို စစ်ကောင်စီက ဖမ်းဆီး၍ တရုတ်ဘက်သို့ ပြန်လည်ပို့ဆောင်မှုများ လုပ်ဆောင်နေချိန်တွင် ယင်းသို့ တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်မှုများ စိစစ်တွေ့ရှိရခြင်းဖြစ်ပြီး ယင်းအမှုများကို ကိုင်တွယ်ရာတွင် ဌာနပေါင်းစုံ ပါဝင်ပတ်သက်နေခြင်း၊ ပြည်နယ်အဆင့်ထိပ်တန်း အရာရှိများ ပါဝင်နေခြင်းတို့ကြောင့် အမှုကို ရှေ့ဆက်၍ မလိုက်ခိုင်းတော့ဘဲ သာမန်မြို့နယ် လူဝင်မှုကြီးကြပ်ရေး အရာရှိတချို့ကိုသာ ဖမ်းဆီး စစ်ဆေး တရားစွဲမှုများရှိကြောင်း သိရှိရသည်။

“အခုလက်ရှိ ကျနော်တို့ သိရသလောက် စိစစ်တွေ့ရှိတာက မြန်မာနိုင်ငံသား မှတ်ပုံတင်တွေ ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားရာပေါင်းများစွာ ရှိနေတာ။ တကယ်ဖမ်းဆီးပြီး သေချာစစ်ဆေးတော့မှ မြန်မာမဟုတ်ဘဲ တရုတ်တွေဖြစ်နေတာ။ ဒါက နယ်စပ်ဘက်မှာ မိတဲ့ တရုတ်တွေပဲရှိသေးတယ်။ တချို့ တရုတ်တွေကတော့ မန္တလေး၊ ရန်ကုန်ဘက်ကို ပြောင်းသွားကြတာတွေဆိုရင်တော့ လိုက်ဖို့ ခက်သွားပြီ” ဟု လူဝင်မှုကြီးကြပ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင်လည်း တရုတ်နိုင်ငံသားများကို မြန်မာ နိုင်ငံ သားမှတ်ပုံတင် ထုတ်ပေးမှုဖြင့် ဝိုင်းမော်မြို့နယ် ဒုတိယလ၀ကမှူး ဒေါ်မြသီတာနှင့် ရုံးဝန်ထမ်းတချို့ကို စစ်တပ်က ဖမ်းဆီးထားကြောင်း၊ ပါဝင်ပတ် သက်မှုသည် ပြည်နယ်မှူးမှစ၍ စစ်တပ်အရာရှိများအထိ ပါဝင်သော်လည်း သာမန်မြို့နယ်ရုံးအဆင့်တွင်သာ အမှုကို ဖြတ်ထားကြောင်း သိရှိရသည်။

“မှတ်ပုံတင် ၁၅၂ ကတ် တရုတ်တွေကို လုပ်ပေးထားတာ။ တချို့တရုတ်တွေက ပတ်စ်ပို့ထုတ်ပြီး ပြည်ပကို ထွက်သွားပြီဆိုတာ စိစစ်တွေ့ရှိရတယ်။ တကယ်က ပတ်သက်နေတာက ထိပ်ကြီးပိုင်းအထိ ပတ်သက်နေပေမယ့် တနွယ်ငင် တစင်ပါဆိုသလို ရှုပ်ကုန်မှာစိုးလို့ မြို့နယ်အဆင့်တင်ပဲ ပြီးအောင်လုပ်ထားတယ်။ နယ် ပြောင်းတာတွေ၊ ရာထူးတိုးဆိုင်းငံ့တာမျိုးတွေလောက်ပဲ အရေးယူတာမျိုးလည်းရှိတယ်” ဟု လူဝင်မှုကြီးကြပ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ကုန်ကြမ်းမြို့နယ်၊ မူဆယ်မြို့နယ်တို့တွင်လည်း တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံသားမှတ်ပုံတင် ထုတ်ပေးမှုများစွာ စိစစ်တွေ့ရှိ ပေါ်ပေါက်ခဲ့သော်လည်း လက်ရှိတွင် အခြေ အနေ မတည်မငြိမ်ဖြစ်နေခြင်းကြောင့် အရေးယူမှု မရှိကြောင်း သိရှိရသည်။

“ရှမ်းမြောက်မှာကတော့ မြန်မာမှတ်ပုံတင်ကိုင်ထားတဲ့ တရုတ်နိုင်ငံသားတွေ အတော်များများကို စိစစ်တွေ့ရှိရတာ။ အခုက တိုက်ပွဲတွေဖြစ်နေတော့အဲဒါတွေကို သေချာကိုင်တွယ်ဖို့ မဖြစ်နိုင်တော့ဘူး။ လ၀က ဝန်ထမ်းတွေလည်း တရုတ်ဘက်ကို ပြေးကြရတာတွေနဲ့ အုပ်ချုပ်ရေး ယန္တရား ပျက်သွားတော့ ဒါတွေ မလုပ်နိုင်တော့ဘူး။ ဒါပေမယ့် မြန်မာဘက်မှာ ကျားဖြန့် လုပ်နေတဲ့ တရုတ်တွေ တော်တော်များများက မြန်မာမှတ်ပုံတင် ရှိတယ်။ အဲဒါ ပေါ်လည်းပေါ်ပေါက်တယ်။ တချို့ကျားဖြန့် တရုတ်သူဌေးတွေက ဗျူဟာမှူး၊ တိုင်းမှူး၊ ရဲမှူးကြီးတွေရဲ့ အကူအညီနဲ့ မြန်မာ မှတ်ပုံတင် တွေရထားကြတာ” ဟု လ၀ကသတင်းရင်းမြစ်က ရှင်းပြသည်။

ကျားဖြန့် လုပ်ငန်းများ တွင်ကျယ်စွာ လည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီယန္တ ရားက တရုတ်နိုင်ငံသားများကို မြန်မာ မှတ်ပုံတင်များ လာဘ်ငွေယူ ထုတ် ပေးခဲ့သည့် အခြေအနေဟုဆိုလျှင် မမှားနိုင်ကြောင်း၊ လက်ရှိတွင်လည်း ယင်းကဲ့သို့ ကိစ္စများ ပေါ်ပေါက်သည့်တိုင် အရေးယူမှု မလုပ်တော့ဘဲ လျစ်လျူရှုထားခြင်းမှာလည်း ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များအထိ ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ် သည်ဟု ရန်ကုန်ခေတ်သစ်၏ နေပြည်တော်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

“အခုနောက်ဆုံး တရုတ်ဘက်က ၀ရမ်းထုတ်တဲ့ ပယ်ဆောက်ချိန် အပါအဝင် ဖူလီလိုက်သူဌေးတွေကအစ တရုတ်နိုင်ငံသားမှတ်ပုံတင်လည်းရှိတယ်။ မြန်မာနိုင်ငံသားမှတ်ပုံတင်လည်းရှိတယ်။ အရမ်းငွေကြေးချမ်းသာတဲ့သူတွေက ရဲချုပ်၊ တိုင်းမှူးတွေရဲ့ လက်မှတ်နဲ့ မှတ်ပုံတင်တွေ ထုတ်သွားတာ။ အဲဒါတွေ နောက်ကြောင်းပြန်လှန်ရင် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေပါ ပါဝင်ပတ်သက်မှာစိုးလို့ အရေးယူမှု မလုပ်တာလို့ ပြောလို့ရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ယခင်လများအတွင်း UWSA က တရုတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးလိုက်သော ကျားဖြန့်နှင့်ပတ်သက်နေသည့် တရုတ်နိုင်ငံသားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article